Saturday, May 11, 2013

Sinusitis ထိပ်ကပ်နာ ဆိုတာ

Sinusitis နှာခေါင်းဆိုင်းနပ်စ် အမြှေးရောင်ခြင်းဖြစ်စေတဲ့ ထိပ်ကပ်နာရောဂါအကြောင်း ဖော်ပြပေးသွားပါမယ်။တွေ့ရှိချက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၉၀ရာခိုင်နှုန်းက sinusitis ဖြစ်ခဲ့ဖူးပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်လူဦးရေ သန်း၃၀လောက်ဟာ sinusitis ထိပ်ကပ်နာ ရောဂါဝေဒနာ ခံစားနေရပါတယ်။

Sinusitis ထိပ်ကပ်နာဟာ ဘာ့ကြောင့်ဖြစ်ရသလဲ။
-common cold၊fluစတဲ့ အအေးမိတုပ်ကွေး ဗိုင်းရပ်စ်ပိုး ဝင်တာ၊
-allergyဓာတ်မတဲ့တာ၊
-nasal polyp နှာခေါင်းအသားပိုထွက်တာ၊
-autoimmune ခုခံအား ကိုယ့်ဘာသာ ပြန်တိုက်တာ၊
-deviated septum နှာခေါင်းအကွဲကြောင်း ပုံမှန်မဟုတ်တာ၊
စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

-အများစုဟာ ဗိုင်းရပ်စ်ပိုးဝင်လို့ ဖြစ်ကြတယ်။
-အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းမှတဆင့် ဖြစ်တတ်တယ်။
-ပုံမှန်အားဖြင့် တပတ်ခန့်ကြာတတ်တယ်။
- ဘက်တီးရီးယားကြောင့်ဖြစ်ရင် ပိုကြာဦးမယ်။
-ဘက်တီးရီးယားတွေထဲမှာ H.influenzae,Strep. Pneumoniae စတာတွေက အဖြစ်များတယ်။
-တခြား G(+)ve,G(-)ve,anaerobes စတာ တွေကြောင့်လည်း ဖြစ်တတ်သေးတယ်။
-ခုခံအားကျဆင်းတတ်သူ၊ဆီးချိုရောဂါအခံရှိသူ၊ခုခံအားကျဆင်းစေတဲ့ဆေးဝါးတွေကို အချိန်အတန်ကြာ သုံးစွဲတတ်သူတွေလည်း  မှိုပိုးဝင်ပြီး ဖြစ်တတ်ပြန်တယ်။
-လက်ရှိချိန်ထိ မှိုပိုးကြောင့် ဖြစ်နိုင်၊မဖြစ်နိုင်ဆိုတာလဲ အငြင်းပွားနေဆဲဖြစ်ပါတယ်။
-တခါတရံ ဓာတုပစ္စည်းတွေနဲ့ မတဲ့တဲ့အခါလည်း ဖြစ်တတ်ပြန်တယ်။

ဘယ်လိုရောဂါ လက္ခဏာတွေ ပြမလဲ။
-နှာရည်ယို၊နှာပိတ်ခြင်း၊
-ခေါင်းမူး၊ခေါင်းကိုက်တတ်ခြင်း၊
-ချောင်းဆိုးခြင်း၊
-နုံးချိခြင်း၊
-ပါးစပ်မှ အနံ့ထွက်ခြင်း၊
-အနံ့ခံအာရုံ လျှော့ကျခြင်း၊
-သွားကိုက်ခြင်း၊
-မျက်နှာတခြမ်းရောင်ခြင်း၊နာခြင်းတို့ ဖြစ်တတ်ပါတယ်။
နားထဲပိုးဝင်ရင် နားအူတာ၊နားပိတ်တာ ဖြစ်နိုင်တယ်။
Migrain မိုက်ဂရိန်း ခေါင်းတခြမ်းကိုက်တာလဲ အဖြစ်များတယ်။
ပါးရိုးနာတာ၊ကိုက်တာ၊ရောင်တာဖြစ်ရင် တော်ရုံနဲ့ မသက်သာတတ်ဘူး။
နားထင်ကိုက်တာ၊ မျက်လုံးအောင့်တာ မျိုးလည်း ဖြစ်တတ်သေးတယ်။
ဖြစ်တဲ့နေရာပေါ်လိုက်ပြီး လက္ခဏာတွေ ကွဲပြားသွားနိုင်တယ်။

Maxillary,ethmoid,sphenoid,frontal စတဲ့အရိုးနေရာတွေ ဖြစ်တတ်တယ်။
ကြာချိန်ပေါ်မူတည်ပြီး ရုတ်တရက်ဖြစ်တဲ့(acute)၊ခပ်ကြာကြာဖြစ်တဲ့(subacute)နဲ့ နာတာရှည်ဖြစ်တဲ့(chronic)ဆိုပြီး ခွဲခြားထားတယ်။
Acute ဆိုတာ ၁လအတွင်းဖြစ်ရင်၊
Subacute ဆိုတာ ၁လမှ ၃လအတွင်း၊
Chronicဆိုတာ ၃လအထက် ခံစားရရင်၊
၁နှစ်ကို လေးကြိမ်နဲ့ အထက်ဖြစ်သူတွေကျ recurrent ပြန်ဖြစ်တတ်သူများအဖြစ် သတ်မှတ်ထားပါတယ်။

ထိပ်ကပ်နာကို ဘယ်လိုသိရှိနိုင်သလဲ။
ရောဂါလက္ခဏာတွေ စမ်းသပ်စစ်ဆေးရုံမျှနဲ့တော့ ယတိပြတ်ပြောဆိုဖို့ ခက်ခဲတတ်ပါတယ်။
maxillary sinusitis ပါးရိုးရောင်ပြီးလာတဲ့လူနာမျိုးမှာ ရောင်တဲ့နေရာဖိကြည့်ရင် မျက်နှာရှူံ့သွားတာ၊ဖြစ်တဲ့သွားပေါ်ခေါက်ကြည့်တဲ့အခါ မခံမရပ်နိုင်နာတာမျိုးဟာ ရောဂါစမ်းသပ်ဖို့အတွက် အသုံးကျတတ်တယ်။
ရောဂါပိုးကြောင့် ပါးစပ်အနံ့ထွက်တာမျိုး၊နှာခေါင်းမှ အစိမ်း(သို့)အဝါရောင် ချွဲပြစ်ပြစ်အရည်ထွက်တာမျိုးတွေ ဖြစ်တတ်တယ်။
တခါတရံမှာ sputum သလိပ်စစ်တာ၊ X ray (သို့)CT ဓာတ်မှန်ရိုက်တာ၊ nasal endoscope နှာခေါင်းထဲ ပြွန်ထိုးကြည့်တာမျိုးနဲ့လည်း သိရှိနိုင်တယ်။

တခြားဘာရောဂါတွေ ဖြစ်နိုင်သေးလဲ။
ဖြစ်တဲ့ လက္ခဏာပေါ်မူတည်ပြီး စဉ်းစားစရာတွေ ရှိသေးတယ်။
-ဖြစ်လာရင် အထိုးနှက်ခံထားရသလား၊ထိခိုက်ဒဏ်ရာ ရထားသလားဆိုတာကို  အရင်ဆုံး မေးမြန်းရတယ်။
-နား၊နှာခေါင်း၊လည်ချောင်း သုံးခုလုံးဟာ ဆက်စပ်နေလို့ နားပိုးဝင်တာ၊အသက်ရှုလမ်းပိုးဝင်တာတွေ သတိထားရတယ်။
-အလုံးအခဲတွေ့တာနဲ့ tumour အကျိတ်အခဲကိုလည်း ထည့်စဉ်းစားရသေးတယ်။non-Hodgkin lymphoma၊giant cell tumour ၊odontogenic tumor စတာတွေ။
-သွား(သို့)သွားဖုံးကြောင့်လည်း ၁၀ရာခိုင်နှုန်းလောက်ထိ ဖြစ်စေနိုင်တော့ မမေ့အပ်ဘူး။
-အအေးမိတုပ်ကွေး သာမန်လောက်ဖြစ်ရင်တော့ မျက်နှာ(သို့) ပါးရောင်တာတော့ မဖြစ်နိုင်ပြန်ဘူး။

ထိပ်ကပ်နာဖြစ်ရင် ဘယ်လိုကုမလဲ။
-အများစုဟာ ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် အဖြစ်များသလို ၁၀ရက်အတွင်း သက်သာသူများကြတယ်။
-အရောင်ကျစေဖို့ ရေခဲ(သို့)ရေပူဝတ် ကပ်ပေးနိုင်တယ်။
-နာတာ၊ကိုက်တာအတွက် အကိုက်အခဲပျောက်ဆေး တမျိုးမျိုး ပေးရတတ်တယ်။
-ရေများများသောက်ခြင်းဟာ ချောင်းဆိုး၊သလိပ်ပ်ကပ်ခြင်းတို့အတွက် အကျိုးရှိမယ်။
-သွားကိုက်တာ၊ပါးစပ်နာတာရှိရင် ဆားလုတ်ရေ တနေ့ နှစ်ကြိမ်၊သုံးကြိမ် ကျင်းပေးနိုင်ပါတယ်။
-လိုအပ်သေးရင် သွားဆရာဝန်နဲ့ ဆက်ပြပါ။

၁၀ရက်အတွင်း မသက်သာသေးရင် ဘက်တီးရီးယားကြောင့် ဖြစ်နိုင်ပါတယ်။ထပ်ဆင့်ပိုးဝင်တာ ကာကွယ်ဖို့ ပဋိဇီဝပိုးသတ်ဆေးတွေ ကြိုတင်ပေးတတ်ကြတယ်။
ပုံမှန်အားဖြင့် amoxicillin 500mg တရက် သုံးကြိမ်၊ ၄-၅ရက်လောက် ဆက်ပေးရုံနဲ့ ပျောက်ကင်းစေနိုင်ပါတယ်။
နောက်ပိုင်း ဆေးယဉ်ပါးတာအတွေ့များလာတဲ့အခါ Augmentin(coamoxiclav)လို ပိုပြင်း၊ပိုကောင်းတဲ့ဆေးတွေ သုံးလာကြပါတယ်။
ပင်နယ်စလင်မတဲ့သူတွေကို doxycycline(သို့) quinolone အုပ်စုတွေနဲ့ ပြောင်းလဲသုံးစွဲကြတယ်။
ပုံမှန်အားဖြင့် ၁ပတ်-၂ပတ် ပေးရတတ်ပါတယ်။
နာတာရှည်(သို့)ပြန်ဖြစ်တတ်သူတွေမှာ steroidသောက်ဆေးလိုကောင်းလိုလာမယ်။ ဆေးပေးတဲ့အခါ ထပ်မံသတိထားရပြန်တယ်။
Chronic နာတာရှည်(သို့)recurrent ပြန်ဖြစ်တတ်သူတွေမှာ လိုအပ်သေးရင် surgeryခွဲစိတ်ဖို့ ညွှန်းပါမယ်။
Endoscopic sinus surgery ဆိုတာ ထိပ်ကပ်နာ၊ နှာခေါင်းအသားပိုဖြစ်သူတွေမှာ သုံးစွဲတတ်ကြတယ်။ မေ့ဆေး(သို့)ထုံဆေးပေးပြီး ပြွန်ချောင်းငယ်ကို အသုံးချပြီး ခွဲစိတ်တဲ့ နောက်ဆုံးပေါ်နည်း ဖြစ်ပါတယ်။
ကျဉ်းနေတာကိုချဲ့ချင်သေးရင် ballon sinuloplasty ဆိုတာ လည်း ရှိသေးတယ်။

ထိပ်ကပ်နာ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်သလဲ။
-အိမ်မှာပဲ နားနားနေနေ နေသင့်တယ်။
-အပြင်ထွက်တဲ့အခါ maskနှာခေါင်းစည်း တပ်ပါ။
-လူစုလူဝေးရှိတဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ပါ။
-အရည်များများသောက်ပါ။
-အသီးအရွက်၊သစ်သီးဖျော်ရည်တွေက ခုခံအားကို တက်စေမယ်။
-ခုခံအားကျဆင်းသူတွေ ပိုမိုသတိထားသင့်တယ်။
-ကလေးတွေမှာ ကာကွယ်ဆေးတွေ ပုံမှန်ထိုးပေးသင့်တယ်။ကာကွယ်ဆေးကြောင့် ရောဂါပိုးမွှားအချို့ကို ကြိုတင်ကာကွယ်နိုင်စွမ်းရှိတယ်။
-မိဘတွေဟာ ကိုယ့်ကျန်းမာရေးသာမက မိမိတို့ကလေးငယ်ရဲ့ ကျန်းမာရေးကိုလည်း အထူးရုစိုက်သင့်တယ်။
-နှာခေါင်း၊လည်ချောင်း ပိုးဝင်တာတွေ ဖြစ်လာရင် ထိထိရောက်ရောက် ကုသသင့်တယ်။
-prevention is better than cure ဘယ်လိုပဲဆိုဆို ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းမယ် မဟုတ်လား။

ဒေါက်တာ အေးမင်းထူး
Health Care Journal(25.5.12)

No comments:

Post a Comment