Monday, March 3, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၇)

vitamin B7(Biotin)
vitamin B7ကို Biotin လို့ လူသိများတယ်။ တခြားနာမည်တွေလည်း ရှိသေးတယ်။ coenzyme R ဆိုတာလဲ vitamin B7ပဲ ဖြစ်ပါတယ်။ တချို့က vitamin Hအဖြစ် ဖော်ပြကြတယ်။Hဆိုတာ ဂျာမန်စကား"Haar und Haut"ကနေလာတယ်။ အဓိပ္ပါယ်က "hair and skin"တဲ့။ တချို့ကလည်း beauty vitaminလို့ခေါ်ပါတယ်။ အလှအပအတွက် အရေးပါတဲ့ ဗီတာမင် တမျိုးလည်း ဖြစ်ပါတယ်။ ခြေသည်း၊ လက်သည်း၊ အရေပြား၊ဆံပင်ကျန်းမာရေး အတွက် အထောက်အကူပေးတယ်။ 

Vitamin B7ဟာ တခြားဗီတာမင်အများစုလို ရေမှာပျော်ဝင်တယ်။ ဗီတာမင် ဘီအုပ်စုဝင်ဖြစ်လို့ စွမ်းအင်ဖြစ်စဉ်မှာ ပါဝင်ကူညီပေးကြပါတယ်။စားလိုက်တဲ့ အစာအာဟာရကနေ ဂလူးကို့စ်ကို ပြောင်းလဲပေးတယ်။ အမိုင်နိုအက်ဆစ်၊ဖက်တီးအက်ဆစ်နဲ့ ဆဲလ်သစ်တွေ ဖွဲ့စည်းနိုင်ဖို့ လုပ်ဆောင်ပေးတယ်။ အထူးသဖြင့် ခြေသည်း၊လက်သည်းနဲ့ ဆံသားအခြေမှာရှိတဲ့ ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေတယ်။ အာရုံကြောစနစ် ကောင်းမွန်အောင် ထောက်ကူပေးတယ်။ ဦးနှောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်၊ လုပ်ဆောင်မှုကို ကောင်းမွန်စေတယ်။ ကျောက်ကပ်အထက် အက်ဒရီနယ်ဂလင်းကို ထောက်ပံ့ကူညီပေးတယ်။ ဆီးချိုသမားတွေအတွက် သင့်တော်တဲ့အချက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ ဖြစ်ပါတယ်။

ကျွန်တော်တို့နေ့စဉ် စားသုံးနေတဲ့ အစားအစာအများစုမှာ biotinဓာတ်တွေ ပါဝင်ကြပါတယ်။ အထူးသဖြင့် အသည်း၊အမြစ်၊ကျောက်ကပ်၊နို့၊ကြက်ဥနှစ်၊ဆန်ကြမ်း၊ဂျုံ၊ပဲ၊ပဲပင်ပေါက်၊ထောပတ်၊ဘာလီ၊အစိမ်းရောင် အသီးအရွက်စတာတွေမှာ အဓိကပါဝင်တယ်။ ယေဘုယျအားဖြင့် အသည်း ၁၀၀ဂရမ်မှာ biotin ၁၀၀မိုက်ခရိုဂရမ်(100mcg)လောက် ပါဝင်တာ တွေ့ရတယ်။ လူတယောက်အတွက် နေ့စဉ်လိုအပ်ချက်က 30mcg ဖြစ်ပါတယ်။ မွေးကင်းစမှ ၆လထိ 5mcg၊၆လ-၁နှစ်ထိ 6mcg၊၁-၃နှစ်ထိ 8mcg၊ ၃-၈နှစ်ထိ 12mcg၊၈-၁၃နှစ်ထိ 20mcg၊၁၃-၁၈နှစ်ထိ 25mcg၊၁၈နှစ်အထက် 30mcg အသီးသီးလိုအပ်ပါတယ်။ ခန္ဓာကိုယ် အချိုးအစားပေါ်မူတည်ပြီး 15-100mcgအတွင်း လိုအပ်နိုင်တယ်။

Biotinကို ဗက်တီးရီးယား၊မှိုပိုးနဲ့ အပင်မျိုးစိတ်အချို့က ဖွဲ့စည်းပေးတယ်။ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ပမာဏအများစုကို အစားအသောက် ကနေ အဓိက ရရှိတယ်။ အနည်းစုကို လူ့ခန္ဓာကိုယ်တွင်း အစာခြေလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဗက်တီးရီးယားတွေကလည်း ထုတ်လုပ်ပေးနိုင်တယ်။ ဒီအချက်ကို အခြေခံပြီး အာဟာရပညာရှင်အချို့က ဖြည့်စွက်ဆေးဝါး မလိုအပ်ဘူးလို့ သုံးသပ်ကြတယ်။

လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ထက်ဝက်ခန့်ဟာ biotin ချို့တဲ့နိုင်ပါတယ်။ သုံးစွဲမှုထက် ပျက်ဆီးမှုများလို့လည်း ဖြစ်တယ်။သုသေသနအဖြေတွေအရ biotinချို့တဲ့တဲ့မိခင်က မွေးလာတဲ့ကလေးတွေမှာ မွေးရာပါ ချို့ယွင်းချက် ရှိနိုင်တယ်။ ဥပမာ မွေးရာပါ အာခေါင်၊ပါးစပ်ကွဲနေတာမျိုးပါ။ မိခင်ထက် ကလေးကို ပိုဒုက္ခပေးနိုင်လို့ သတိပြုသင့်တယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်၊အသက်အရွယ်ကြီးရင့်သူ၊အားကစားသမားနဲ့ အရက်သမားတွေမှာ biotinဓာတ် ချို့တဲ့နိုင်သူတွေ ဖြစ်ကြတယ်။ ဆီးချိုရောဂါသည်၊ကျောက်ကပ်ဆေးတဲ့ လူနာတွေဟာ ပိုမိုချို့တဲ့နိုင်တယ်။

အစားအသောက်ကြောင့်လည်း biotinဓာတ် ချိုတဲ့နိုင်ပြန်တယ်။ ဥပမာ ကြက်ဥအကာကို အစိမ်းလိုက် သောက်သုံးသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ biotin ဓာတ် ချို့တဲ့လာတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကြက်ဥအကာမှာပါဝင်တဲ့ avidin ဓာတ်က biotinနဲ့ ပေါင်းစပ်လို့ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းကြွက်တွေကို ကြက်ဥ အကာတမျိုးထဲ နေ့စဉ်ကျွေးထားပြီး စစ်ဆေးကြည့်တဲ့အခါ ပြောင်းလဲမှုအချို့ကို တွေ့ရတယ်။ အရေပြားရောင်ခြင်း(dermatitis)၊အမွှေးကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း(alopecia)၊ ကြွက်သားအာရုံကြော လုပ်ဆောင်မှုမမှန်ခြင်း (neuromuscular dysfunction)ကို တွေ့ရှိရတယ်။ အထက်ပါ လက္ခဏာတွေဟာ ကြက်ဥအကာကြောင့်ဖြစ်လာတဲ့ လက္ခဏာရပ်တွေမို့ egg white injuryလို့ နာမည်ပေးလိုက်တယ်။ သို့သော် avidinဓာတ်ဟာ အပူပေးချက်ပြုတ်ခြင်းကြောင့် ပျက်ဆီးနိုင်တယ်။ ဒါ့ကြောင့် ကြက်ဥကြော်၊ကြက်ဥပြုတ် စားသုံးခြင်းကြောင့် biotin  ချို့တဲ့မှုမရှိနိုင်ပါဘူး။ 

Biotinဓာတ် ချို့တဲ့ခြင်းက အရေပြားရောဂါတွေကို ဖြစ်ပေါ်စေတယ်။အရေပြားခြောက်သွေ့ခြင်း၊အကြေးခွံလန်ခြင်း၊လက်သည်း၊ခြေသည်း မာကျောကျွတ်ဆတ်လာခြင်း စတဲ့လက္ခဏာတွေ ခံစားရတယ်။ဆံပင်အရောင် မွဲခြောက်တာ၊ဆံပင်ကျွတ်တာက biotinဓာတ် ချို့တဲ့လို့ ဖြစ်နိုင်တယ်။ ကလေးတွေမှာ အစားပျက်ပြီး ကြီးထွားမှု နှေးကွေးလာတယ်။   ပါးစပ်အနာပေါက်တာ၊မျက်စိခြောက်သွေ့တာ၊အစားအသောက်ပျက်၊အားယုတ်တာ၊အိပ်မပျော်တာ၊စိတ်တိုလွယ်၊စိတ်ဓာတ်ကျလွယ်တာမျိုးဟာ biotinနဲ့ သက်ဆိုင်တယ်။ကြာလာတာနဲ့အမျှ ကြွက်သားနာတာ၊ကြွက်တက်တာမျိုး ဖြစ်လာတယ်။ အာရုံကြောရောင်ရမ်းတဲ့ ဆင်တူရိုးမားလက္ခဏာတွေ ခံစားလာရတယ်။ 

လက်ရှိချိန်ထိ biotin toxicity အဆိပ်အတောက် ဖြစ်စေနိုင်လောက်တဲ့ ပမာဏကိုလည်း မသတ်မှတ်နိုင်ဘူး။ ဆေးအလွန်အကျွံသောက်သုံးခြင်းကြောင့် ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိဘူး။ ဆေးကြောင့် ပျို့ချင်၊အန်ချင် ဖြစ်ရုံကလွဲရင် လူရော၊တိရိစ္ဆာန်ကိုပါ ဒုက္ခပေးတာမျိုး မတွေ့ရပါဘူး။ တွေ့ရတာတခုက ခြေသည်း၊လက်သည်းနဲ့ အသားအရေလှပစေဖို့ သုံးစွဲနေတဲ့ ဆေးဝါးတွေထဲမှာ biotinလည်း ပါဝင်နေပါတယ်။ ဆံပင်သန်ဆေးနဲ့ ဝက်ခြံပျောက်လိမ်းဆေးတွေမှာ ထည့်သွင်းတတ်တယ်။ biotinသောက်ဆေးချည်း သီးသန့်လာတာမျိုးလည်း ရှိပါတယ်။ ဆေးပမာဏက 5mg-20mg အမျိုးမျိုးဖြစ်နိုင်တယ်။ ဘယ်လိုဆိုဆို အမျိုးသမီးတွေအတွက် vitamin Hဟာ healthy vitaminစစ်စစ် ဖြစ်နေတာတော့ သေချာပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၃.၃.၁၄)

No comments:

Post a Comment