လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ အမှန်ပဲ။
တယောက်နဲ့ တယောက် စိတ်နေသဘောထားတွေ အမူအကျင့်တွေ မတူကြဘူး။ ဒီအထဲကမှ လူမျိုးပေါင်းစုံနဲ့
ဆက်ဆံရတဲ့ ဆရာဝန်တွေရဲ့ အတွေ့အကြုံကလည်း စုံလှတယ်လို့ ဆိုရမှာပဲ။ ဆရာဝန်နဲ့ တွေ့ရင်
စကားပြောချင်တဲ့လူနာတွေရှိသလို တုံဏှိဘာဝေမထုံတက်ထေး ဘာမှမပြောတဲ့ လူနာတွေလည်း ရှိကြတာပဲ။
မေးရင်တောင် မေးသလောက်ပဲ ဖြေတယ်။ တခါတလေ ဘေးကလူနာစောင့်က ဝင်ဖြေပေးရတယ်။ ဘေးလူနာစောင့်
ဝင်ဖြေရင် မကြိုက်ကြတဲ့ ဆရာဝန်တွေလည်း ရှိကြတယ်။ လူနာမှ
မဖြေတာ၊ လူနာစောင့်က ဝင်ဖြေပေးတာ
သဘာဝကြပါတယ်။ ဘာမှ စိတ်ဆိုးစရာ မရှိဘူး။ တခါတလေကြတော့လည်း လူနာက ပြောလိုက်တဲ့ စကား။
ကိုယ်က ဘာဆက်မေးရမှန်းတောင် မသိဘူး။ တခါတလေ သူ့လေထဲမှာ မြောသွားတာ။ မနည်းလိုင်းပြောင်းပြီး
မေးရတယ်။ အမေ၊အဖေ ဘာလုပ်တာ၊ မိသားစုဝင် ဘယ်နှယောက်ရှိတယ်ကစ ကိုယ်ရေးအကျဉ်း ပြောနေလိုက်တာ
မပြီးဘူး။ တခါတလေ ရောဂါဖြစ်စဉ်နဲ့ ချော်ချော်သွားလို့ မနည်းပြန်တည့်ပြီး မေးရတယ်။ ကောင်းတဲ့ဘက်ကတွေးကြည့်ရင်
လူနာစကားပြောတာကိုက ကောင်းလှပြီ။ နေကောင်းလို့ စကားပြောနိုင်တယ်ပေါ့။ အခြားဘက်က တွေးရင်
ဦးနှောက်မှာ ပြဿနာရှိလို့များ ဒီလောက် စကားပေါနေတာလားလည်း တွေးရတယ်။ ရောဂါတွေက ပေါသလို
လက္ခဏာတွေကလည်း ဆင်တူယိုးမှားတွေဆိုတော့ တဖက်တည်း ကိုယ်လိုရာ ဆွဲပြီးတွေးလို့ မရဘူး။
နှစ်ဘက်မျှတွေးရတယ်။ တချို့လူနာတွေဟာ ဆေးထိုးတာကို အတော်သဘောကျတယ်။ သူတို့ဆေးခန်းလာတာကိုက
ဆေးထိုးဖို့။ ဆရာဝန်က ထိုးမပေးလိုက်ဖူးဆိုရင် သူတို့သိပ်မကျေနပ်ကြဘူး။ ဆေးထိုးမှ ဆရာဝန်
ပီသတယ် ထင်တာ။ သူတို့ အယူအဆအရပြောရရင် ဆရာဝန်ပီသချင်ရင် ဆေးထိုးမှလို့ ဆိုရမလားပဲ။
နယ်က လူနာတွေကတော့ ဆေးမထိုးရင်ပဲ သူတို့ နေမကောင်းနိုင်ဘူးလို့ ထင်မှတ်ကြတယ်။ နယ်ကနေ
မန္တလေးကို အလုပ်လာလုပ်သူတွေတော်တော်များများက ဆေးထိုးဖို့ တောင်းဆိုကြတာများတယ်။ ဆေးထိုးမှ
လန်းတယ်။ ကြည်တယ်။ နေကောင်းတယ်။ ဒီလိုပဲ မှတ်ယူကြတယ်။ မန္တလေးမြို့ပေါ်မှာတော့ ဆေးထိုးတာ
ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့သူ၊ကြောက်ကြတဲ့သူလည်း
မရှားဘူး။ အမှန်တော့ တကယ်လိုအပ်မှ ဆေးထိုးတာ အကောင်းဆုံးပါဘဲ။ တကယ်မလိုအပ်ဘဲ ထိုးရင် လူနာတွေ အတွက်မကောင်းနိုင်ဘူး။ လူနာတွေအနေနဲ့လည်း
ဆေးခန်းရောက်တာနဲ့ ဆေးထိုးမယ်ဆိုတာချည်းပဲ မတောင်းဆိုသင့်ပါဘူး။ အဲလိုတောင်းဆိုမဲ့အစား
ကိုယ်သိချင်တာတွေ၊ ကိုယ့်ရောဂါအခြေအနေတွေကို မေးမြန်းတိုင်ပင်သင့်ပါတယ်။ ဆောင်ရန်၊ရှောင်ရန်
အချက်များကို မေးပြီး လိုက်နာရှောင်ကြဉ်တာက အမှန်အကျိုးရှိပါတယ်။ လက်ရှိအချိန်မှာ နှလုံး၊
သွေးတိုး၊ဆီးချို စတာတွေဟာ အလွန်အဖြစ်များတဲ့အတွက် သေချာမေးမြန်းပြီး လိုက်နာဆောင်ရွက်သင့်ပါတယ်။
မေးမြန်းရုံမျှနဲ့ မပြီးသေးပါဘူး။ တကယ်လိုက်နာဆောင်ရွက်ဖို့လည်း လိုပါသေးတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံက လူနာတွေဟာ
ရေတိုပျောက်ကင်းစေမဲ့ ဆေးဝါး(လက္ခဏာတွေ ချက်ချင်းသက်သာစေတဲ့ဆေးဝါး) တွေကို အဓိကသောက်သုံးကြတာ
တွေ့ရမှာပါ။ ရေရှည်သောက်ရမဲ့ ဆေးတွေကို အစဉ်တစိုက် စွဲစွဲမြဲမြဲသောက်သုံးသူ နည်းနေပါသေးတယ်။
ဆေးပညာ ဗဟုသုတ ရှိသူတွေလောက်ပဲ ဂရုတစိုက် သောက်သုံးနေကြတယ်။ မိမိစိတ်ရှိသလောက် စားမယ်၊
သောက်မယ်။ ပြီးမှ ဖြစ်ရင် ဆေးသောက်မယ်ဆိုသူများတာတော့ မကောင်းလှပါ။ တကယ်တော့နာတာရှည်ကုသရမယ့်
ရောဂါတွေအတွက် လိုအပ်တဲ့ ဆေးတွေကို မှန်မှန်သောက်သုံးဖို့ လိုအပ်ပါတယ်။ ဆေးသောက်မှန်ဖို့
လိုအပ်သလို ရှောင်ကြဉ်ရမဲ့ အစားအစာတွေကို နေ့စဉ်သတိထား ရှောင်ကြဉ်ဖို့လည်း လိုအပ်ပါသေးတယ်။
ဆိုကြပါစို့။ လူနာတစ်ယောက်က ဆီးချိုရှိနေပြီ။
ဆီးချိုကျဆေးကိုတော့ ပုံမှန်သောက်ဖြစ်ပါရဲ့။ အစားအသောက်တော့ မရှောင်ဖြစ်ဖူးဆိုရင် ဆီးချိုထိန်းဖို့
မလွယ်သလို ဆေးက အကျိုးဖြစ်ထွန်းသင့် သလောက် မဖြစ်ပဲ နေပါလိမ့်မယ်။ ကိုယ်ဆေးသောက်ဖို့ရင်းထားရတဲ့
ပမာဏနဲ့ ကိုယ်ရတဲ့ အကျိုးအမြတ်က မျှတလိမ့်မယ် မဟုတ်ပါ။ နေ့စဉ်ဆေးသောက်နေပေမယ့် ဆီးချိုထိန်းမရတာတွေဟာ
ဒီလိုအကြောင်းတွေနဲ့ အများကြီးဆက်စပ်နေပါတယ်။ နာတာရှည်ရောဂါတွေ၊ ဆေးစွဲသောက်ရမဲ့ ရောဂါတွေအတွက်
ဇွဲရှိဖို့ လိုအပ်ပါတယ်။ အလုပ်လုပ်မှ ဇွဲရှိရတာ မဟုတ်ပဲ ကိုယ်လုပ်ဆောင်တဲ့ ကိစ္စရပ်တိုင်း
အဆင်ပြေချောမွေ့နေစေဖို့၊ကျန်းမာရေးကိစ္စတွေမှာပါ ဇွဲရှိတာက အသုံးဝင်လာစေပါတယ်။ ကိုယ့်ရဲ့
တနေ့တာ အလုပ်ချိန်ထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့ နာရီဝက်၊ တစ်နာရီလောက် က အကျိုးဖြစ်ထွန်းစေပါတယ်။
သို့သော် လွန်လွန်ကျူးကျူးနဲ့ ကောက်ရိုးမီးတော့ မဖြစ်စေချင်ပါ။ မနက်အစော လမ်းထလျှောက်ပြီး
အပြန်မှာ အစားအသောက်တဝတပြဲစားတာ မှန်ကန်တဲ့နည်းမဟုတ်ပါ။ ဇွဲကို အလဟဿဖြုံးတီးရာရောက်စေတာ
သတိချပ်ပါ။ တချို့က ဆီးချိုသမားတွေ အချိုလုံးဝရှောင်ဖို့ တိုက်တွန်းကြတာလဲ နည်းလမ်းမမှန်ပါ။
လူတယောက် လှုပ်ရှားဖို့၊အလုပ်လုပ်ဖို့ဆိုတဲ့ နေရာတွေမှာ ကစီဓာတ်(တနည်းအားဖြင့် အချိုဓာတ်)ကို
သုံးစွဲကြရပါတယ်။အချိုဓာတ်(glucose) ဆိုတာ energy စွမ်းအားပဲ။ ပိုပြီးတိတိကျကျပြောရရင်
Energy မရှိရင် အသက်ရှင်သန်နိုင်စွမ်းမရှိပါ။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ မြန်မာစကားပုံလေးက
ဒီမှာလာပြီးအသုံးကြပါတယ်။ ဘယ်ကိစ္စမဆို များလွန်းတာ မကောင်းသလို နည်းလွန်းတာကလည်း ဒုက္ခရောက်စေတတ်ပါတယ်။
ဘုရားဟောတဲ့ အလယ်အလတ်လမ်းစဉ်ကသာ အမှန်ကန်ဆုံးနည်း မဟုတ်လား။ ဒါ့ကြောင့် ဆီးချိုသမားတွေကို
အချိုလျှော့ခိုင်းတဲ့အခါ မဖြစ်နိုင်တာကို ဖြစ်အောင် ပြောနေလို့ မဖြစ်ပါ။ လက်ခံနိုင်အောင်
စည်းရုံးပြောဆိုကြရတယ်။ အရင်က ကော်ဖီ ၃ ခွက်သောက်ရင် အခုတော့ ကော်ဖီ ၂ ခွက်လောက်သောက်။
နောက်ပိုင်းကော်ဖီတခွက်လောက်ထိ လျှော့နိုင်အောင် ကြိုးစားပါ ဆိုတာမျိုးသာ ပြောပေးရတယ်။
ဆီးချိုရှိနေတာကြောင့် အချိုလုံးဝရှောင်ရမယ် ဆိုတာမျိုးဟာ လက်တွေ့အခြေအနေနဲ့ ဝေးကွာစေသလို
လူနာတွေအနေနဲ့လည်း ဆေးခန်းတွေ၊ ဆရာဝန်တွေကို ကြောက်သွားစေတယ်။ နောက်ဆုံးမှာ စိတ်သက်သာစေတဲ့
ချုပ်ချယ်မှုကင်းစေတဲ့ တခြားဆေးဝါးတွေ၊ ဆေးနည်းတွေကို သုံးစွဲဖို့ လမ်းလွှဲပေးရာရောက်တယ်။
တိုက်ရိုက်မဟုတ်ပေမယ့် ကိုယ့်ကြောင့်တော့ လူနာမှာ စိတ်ဒဏ်ရာရသွားစေနိုင်တယ်။
ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာစာမှ မဖတ်ဘူး
ဆိုသူတွေလည်း မရှားဘူး။ ဖတ်မှ ကိုယ့်ရောဂါနဲ့ လာကိုက်နေရင် စိတ္တဇဖြစ်မှာလို့ ဆိုသူက
ဆိုတယ်။ သို့သော် တယောက်နဲ့ တယောက် အယူအဆတွေ ခံယူချက်တွေ မတူညီကြလို့ အငြင်းမပွားလိုပါ။
ကျန်းမာရေးဗဟုသုတတော့ အနည်းနဲ့ အများရှိသင့်တယ်လို့တော့ ခံယူမိတယ်။ တချို့က ကျန်းမာရေးစာစောင်တွေ
ဖတ်ပြီး ကိုယ်ထင်ရာ ကျိတ်ကုနေတာမျိုးက ပိုဆိုးပါတယ်။ စာဖတ်တာ အသိပညာဗဟုသုတ တိုးတက်စေနိုင်ပေမယ့်
လူ့အသက်နဲ့ ယှဉ်ရတာမျိုးဖြစ်လို့ သတိထားစေချင်တယ်။ လိုအပ်ရင် ဆရာဝန်တွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုးက
လူနာအတွက် အကျိုးဖြစ်ထွန်းလိမ့်မယ် ထင်တယ်။ ဖြစ်ရင် ကုသနိုင်သလို မဖြစ်ခင် ကာကွယ်နိုင်တာမျိုးက
လူနာအတွက်တော့ တပန်းသာစေတယ်။ လက်ရှိမှာ ကာကွယ်ဆေးတွေ ပေါ်ပေါက်နေသလို မြန်မာပြည်ဈေးကွက်ထဲမှာပါ ရရှိနိုင်ပါတယ်။
သို့သော် ဝမ်းနည်းစရာကောင်းတာ တစ်ခုက အချို့သောကာကွယ်ဆေးများဟာ လက်ရှိဈေးကွက်ထဲမှာ
ပြတ်လပ်နေတာမို့ ဆေးထပ်ထိုးဖို့ လိုတဲ့လူနာတွေ အတွက် အဆင်မပြေဖြစ်ရတယ်။ ထိုးရမဲ့ရက်ကျော်လွန်တာကြောင့်
စိုးရိမ်သူလူနာတချို့က ဆေးခန်းထိ လာမေးကြတယ်။ ဒါမျိုးတွေဖြစ်တဲ့အခါ လူနာတွေဖက်ကို အဆင်ပြေအောင်
လုပ်ပေးနိုင်လျှင် ပိုကောင်းလိမ့်မယ်။ တချို့ကာကွယ်ဆေးတွေဟာ တကြိမ်မက နှစ်ကြိမ်၊ သုံးကြိမ်ထိ
ထပ်မံထိုးဖို့လိုတတ်ပါတယ်။ ကာကွယ်ဆေးတွေဟာ ဈေးကြီးကြသလို ရက်ကျော်ရင် ထပ်မံထိုးရတတ်တာကြောင့်
လူနာအတွက်တော့ အချိန်ကုန်ပြီး လူပမ်းတာမျိုး၊ အလဟဿပိုက်ဆံကုန်တာမျိုးတော့ မဖြစ်စေချင်ပါ။
ဆေးပစ္စည်းကောင်းဖြစ်ဖို့ဆိုတဲ့နေရာမှာ သုံးစွဲသူရှိယုံတင်မက ဈေးကွက်မှာ လိုအပ်သလောက်
ဖြန့်ဖြူးရောင်းချပေးနိုင်ဖို့လည်း လိုအပ်လှတယ်။ ပစ္စည်းကပြတ်၊ ဈေးကတက်ဆိုတာမျိုးတော့
မဖြစ်စေချင်ပေမယ့် တကယ်မျက်မြင်တွေ့နေရတာကြောင့် အဆင်မပြေပါ။ ဈေးကွက်ကစားချင်လို့၊ဈေးတက်အောင်
ပစ္စည်းဖြတ်ချတာမျိုးတွေလည်း ဒုနဲ့ဒေးပါ။ လူ့အသက်နဲ့ဆိုင်တဲ့ ဈေးကွက်မျိုးဖြစ်တာကြောင့်
မလုပ်သင့်ဖူးထင်ပေမယ့် စီးပွားရေးသမားတွေအမြင်မှာ ငွေကသာဖန်ဆင်းရှင်ပါ။ ဈေးမတက်ခင်
ပစ္စည်းအရင်ပြတ်တာကြောင့် လူနာတွေခမျာ ဒုက္ခရောက်ရတာတွေဟာ မျက်မြင်ကိုယ်တွေ့မို့ စိတ်မကောင်းပေမယ့်
မတတ်နိုင်ခဲ့ပါ။တတ်နိုင်တဲ့ဘက်ကပြောရရင် ပစ္စည်းပြတ်တတ်တဲ့ ဆေးဝါးတွေကို ဆရာဝန်တွေဖက်ကလည်း အထူးသတိထား သုံးစွဲသင့်ပြီ ဆိုတာပါပဲ။
ဒေါက်တာ အေးမင်းထူး
(Health
care journal: 30.3.12)
(နောက်ပိုင်းတွင်
ဈေးကွက်တွင် ပြတ်လပ်သောဆေးများကို ဘလောခ့်တွင် list တင်နိုင်အောင် ကြိုးစားပေးပါ့မည်။)
No comments:
Post a Comment