Tuesday, September 25, 2012

အမြင့်တက်ချင်သူများ သတိထား

           

           လောကမှာ အကောင်းအဆိုး၊အနိမ့်အမြင့် ဒွန်တွဲနေတာ ထုံးစံပါ။လူဆိုတာလဲ
ခက်သားလား။အကောင်းဆုံးဆိုတာတွေ၊ အမြင့်ဆုံးဆိုတာတွေကိုမှ
ပိုင်ဆိုင်ချင်တာကိုး။ဒီလိုပိုင်ဆိုင်ရဖို့၊အမြင့်ရောက်ဖို့ကို အားထုတ်
ကြိုးပမ်းကြရတယ်။အမြင့်ရောက်ပြန်တော့လည်း အောက်မကျအောင်
ထပ်မံကြိုးစားရပြန်တယ်။မြင့်သထက်မြင့်အောင် ကြိုးစားကြတယ်။သို့သော်
သိပ်အမြင့်ရောက်တိုင်း မကောင်းတာမျိုးလည်းရှိပါတယ်။အမြင့်ရောက်လေ
ရောဂါပိုဆိုးလေဆိုတာမျိုး။အထူးသဖြင့် အမြင့်ကိုမြန်မြန်ရောက်ချင်သူတွေ
ပိုမိုခံစားရတယ်။ဒီလိုရောဂါလက္ခဏာမျိုးကို altitude sickness
လို့ခေါ်ပါတယ်။ဒါဟာ ရောဂါတစ်မျိုးမဟုတ်ပဲ လက္ခဏာတစ်ရပ်သာ
ဖြစ်ပါတယ်။အမြင့်တက်သူ၊တောင်တက်သမား၊ရေခဲပြင် စကိတ်စီးသမားတွေမှာ
အများဆုံးခံစားရတဲ့ လက္ခဏာတစ်မျိုးဆိုရင်လည်း မမှားပါဘူး။acute mountain
sickness,altitude illness,hypobaropathy
အမျိုးမျိုးခေါ်ကြပါတယ်။အမြင့်ရောက်တဲ့အခါ လေထုဖိအား အပြောင်းအလဲကြောင့်
ခေါင်းကိုက်တာ၊နားထဲက လေထွက်တာ မျိုးကို ကြုံဖူးကြပြီးဖြစ်မှာပါ။altitude
sickness ရဲ့ လက္ခဏာတွေဟာ အများအားဖြင့် အမြင့်ပေ ၈၀၀၀

ကျော်တဲ့အခါမျိုးမှာ တွေ့ရတတ်ပါတယ်။
Altitude sickness ဆိုတာ ဘာလဲ။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေဘယ်လောက်ဆိုရင် ဘယ်လိုရောဂါလက္ခဏာတွေ
ခံစားရနိုင်တယ်ဆိုတာ ကိုသတ်မှတ်ထားခြင်း ဖြစ်ပါတယ်။
ဘာကြောင့် ဖြစ်သလဲ။
ပုံမှန်အားဖြင့် လေထုထဲမှာ ပါဝင်တဲ့အောက်စီဂျင်ပမာဏဟာ ၂၁
ရာခိုင်နှုန်းဖြစ်ပြီး လေထုဖိအားဟာ ၇၆၀ မီလီမီတာ မာကျူရီ
ရှိပါတယ်။အထက်ရောက်လေလေ လေထုဖိအား လျှော့နည်းလေ ဖြစ်ပြီး၊ ရှုရှိုက်တဲ့အခါ
အောက်စီဂျင် ပမာဏလုံလောက်စွာ မရတဲ့အတွက် ရောဂါလက္ခဏာတွေ
ခံစားရခြင်းဖြစ်ပါတယ်။
Altitude sicknessရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
ယေဘုယျအားဖြင့် အမြင့်ပေ ၈၀၀၀ ကျော်ရောက်သော အခါ ရောဂါလက္ခဏာ စတင်ခံစားရပါတယ်။
  • ခေါင်းထိုးပြီးကိုက်ခြင်း၊
  • ခေါင်းမူးခြင်း၊
  • မလှုပ်ချင် မရှားချင် နုံးချိခြင်း၊
  • အစားအသောက်ပျက်ခြင်း၊
  • ပျို့အန်၍ အားနည်းခြင်း၊
  • နှလုံးခုန်မြန်လာခြင်း၊
  • လှုပ်ရှားလိုက်လျင် အသက်ရှုမဝခြင်း၊
တို့ ခံစားရတတ်ပါတယ်။
အမြင့်ပေ ၁၂၀၀၀ အထက်တက်သူများမှာ ပိုမိုဆိုးရွားတဲ့ ရောဂါ လက္ခဏာတွေ ခံစားရပါတယ်။
-ရင်ဘတ်တခုလုံးတင်းကျပ်လာပြီး အသက်ရှုမဝသလိုခံစားရခြင်း၊
-လှုပ်လှုပ်ရှားရှား မလုပ်ဘဲ မောလာခြင်း၊
-အသားအရေ ပြာနှမ်းလာခြင်း၊
-တစ်ကိုယ်လုံး ဖြူဖြော့လာခြင်း၊
-ချောင်းဆိုးခြင်း(သွေးစပါလာခြင်း)၊
-စိတ်ဂယောင် ချောက်ခြား(သို့)မတည်မငြိမ်ဖြစ်ခြင်း၊
-ခြေလှမ်းများ ယိမ်းယိုင်ပြီး ကောင်းစွာ မလျှောက်နိုင်ခြင်း၊
-သတိလစ်ခြင်း၊ စသည်တို့ ခံစားရတတ်ပါတယ်။အဆိုပါ လက္ခဏာများဟာ ပြင်းထန်အဆင့်
လက္ခဏာများဖြစ်လို့ သတိထားသင့်ပါတယ်။အချိန်မှီ မကုသလျှင် သေဆုံးသည်အထိ
ဆိုးရွားနိုင်ပါတယ်။
ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာလျှင် မည်သို့ပြုလုပ်နိုင်သလဲ။
ရောဂါလက္ခဏာတွေကို စောစီးစွာ သိရှိဖို့ အရေးကြီးပါတယ်။စောစောသိမှ
စောစောကုသနိုင်မှာဖြစ်ပါတယ်။သတိရှိဖို့လည်း လိုအပ်ပါတယ်။ဖြစ်နိုင်ရင်
ရောဂါလက္ခဏာတွေပေါ်လာတာနဲ့ တောင်အောက်သို့ မြန်မြန်ဆင်းနိုင်ဖို့
ကြိုးစားသင့်ပါတယ်။ကုသတဲ့အခါ
  • ၁၀၀% အောက်စီဂျင် ပေးခြင်း၊
  • diamox 250mg နှစ်ကြိမ်မှ သုံးကြိမ်ပေးခြင်း၊
  • dexamethasone 4mg နှစ်ကြိမ်(သို့) သုံးကြိမ်ပေးခြင်း၊
  • လိုအပ်လျှင် nifedipine သွေးကျဆေး(သို့) lasix ဆီးဆေးပေးခြင်း၊
  • anaemiaသွေးအားနည်းရောဂါရှိသူများ သံဓာတ်အားဆေးကို ကြိုတင်သောက်သုံးသင့်ပါတယ်။
သို့သော် အထက်ပါဆေးများအားလုံးကို ဆရာဝန် ညွှန်ကြားချက်နဲ့သာ
သောက်သုံးရမှာ ဖြစ်ပါတယ်။နှလုံး၊အဆုတ် နှင့် အခြားရောဂါအခံရှိသူများ
အထူးသတိထားသင့်ပါတယ်။
ဘယ်လိုကာကွယ်နိုင်သလဲ။
တောင်ပေါ်တက်လျှင်
  • အရည်များများသောက်ခြင်း၊
  • အင်အားဖြစ်စေမည့် carbohydrate ကစီဓာတ် နှင့်ဟင်းသီးဟင်းရွက်စားသုံးပေးခြင်း၊
  • အရက်သေစာနှင့်ဆေးလိပ်ရှောင်ကြည်ခြင်း ၊ 
  • ဆေးဝါးများကို ကြိုတင်ယူဆောင်ခြင်း(သို့) သုံးစွဲခြင်း၊
  • တောင်ပေါ်သို့ ဖြေးဖြေးနှင့် မှန်မှန်တက်ခြင်း၊
  • ဖြစ်နိုင်လျှင် တောင်အောက်တွင်သာ အိပ်စက်ခြင်း၊
  • အမြင့်ပေ ၈၀၀၀ ကျော်၍ ပေ ၂၀၀၀ စီရောက်တိုင်း တရက်နားခြင်း၊
  • အမြင့်ပေ ၁၀၀၀၀ အထက်တက်လိုသူများ အောက်စီဂျင်ဘူး ယူဆောင်သွားခြင်းတို့ပြုလုပ်သင့်ပါတယ်။ 
(နှလုံးရောဂါ၊ အဆုတ်ရောဂါအခံရှိသူများ နှင့် မကြာခဏ ခေါင်းမူးတတ်သူများ မတက်သင့်ပါ။)


ဒေါက်တာ အေးမင်းထူး