Sunday, September 23, 2012

လူနာနှင့် ကောက်

           ဒီလထဲ ဥပုသ်နေ့တုန်းက ဆေးခန်းအကူဝန်ထမ်းတွေက နားရက်တောင်းတာနဲ့
ပေးလိုက်မိတယ်။ ဒါပေမယ့် follow up ပြန်ခေါ်ထားတယ့် လူနာတွေရှိတာနဲ့
မနက်ပိုင်းတော့ ထိုင်ရသေးတယ်။ ညနေပိုင်းတော့ ပိတ်မယ်ဆိုတဲ့အတွေးနဲ့
စဉ်းစားနေတုန်း ကားရပ်သံ ကြားလိုက်တယ်။ လူနာတော့ လာပြီဆိုတဲ့ အတွေးနဲ့
ခန်းဆီးအပြင်ဘက် ကြည့်လိုက်တော့ ရှမ်းတရုတ်ဖြစ်ဟန်တူတဲ့ အသက်ကြီးကြီး
အမျိုးသားတစ်ယောက် ဆင်းလာတယ်။ လက်ထဲမှာ တုတ်ကောက်ကြီးတစ်ချောင်း
ကိုင်ပြီး ထော့နဲ့ထော့နဲ့ လျှောက်လာတယ်။ အကူဝန်ထမ်းက
ဆေးခန်းထဲလိုက်ပို့တဲ့အထိ သူ့မှာတုတ်ကောက်အားပြုပြီး လျှောက်လာတာ။
ဘယ်နားမှာများ ဒဏ်ရာရလဲ စဉ်းစားရတယ်။ ဒီလိုပုံစံလာတဲ့
လူနာတော်တော်များများ မတော်တဆထိခိုက်မိပြီးလာတတ်တယ်။
လူနာထိုင်တဲ့ခုံပေါ်ရောက်တယ်ဆိုရင်ဘဲ ဒူးပေါ်လက်တင်ပြီး “ဆရာ
ကျွန်တော်ခြေထောက် ကောက်နေလို့။” ထင်တဲ့အတိုင်းတော့ ဖြစ်ပြီပေါ့
တွေးလိုက်မိတယ်။ ဘယ်ကဘယ်လိုများ ဖြစ်တာပါလိမ့်။ “ဘယ်လိုဖြစ်တာလဲ။
သေချာပြောပြပါဦး။”“ကျွန်တော့်ခြေထောက်က
ကောက်ဖြစ်နေတာ။အခုအရမ်းနာနေလို့။”တခုခုတော့မှားနေပြီ။ “ဆရာကလည်း
ကောက်ဖြစ်တာတောင်မသိဘူးလား။”ဒီတော့မှ အသိဥာဏ် ရုတ်တရက်ပွင့်ပြီး


ရောဂါတစ်ခုအ ကြောင်းစဉ်းစားမိတယ်။ဂေါက်။ဂေါက်ရောဂါ။ဒီအသံဝဲဝဲ နဲ့ လူနာ
ပြောနေတာ ကျွန်တော်တို့နိုင်ငံမှာ ခေတ်စားနေတဲ့ ဂေါက်ရောဂါ။
ကျွန်တော်သတိထားမိသလောက် ကျွန်တော်တို့နိုင်ငံက လူနာတွေဟာ လက်ဖြစ်ဖြစ်၊
ခြေထောက်ဖြစ်ဖြစ်၊ နာပြီဆိုတာနဲ့ ဂေါက်ရောဂါကို လက်ညိုးထိုးတတ်ကြတယ်။
ဆရာဝန်က နံမည် တပ်သလား၊ လူနာက သူ့ဖာသာ အမည်တပ်လိုက်သလားမသိ။ နာပြီဆိုတာ
နဲ့ တရားခံက ဂေါက်ပဲ။ လူတော်တော်များများ အမြင်မှားနေတာက ဂေါက်ရောဂါနဲ့
ကျီးပေါင်းရောဂါ ကို အတူတူထင်နေကြတာပဲ။ ဂေါက်ရောဂါကို အင်္ဂလိပ်လို (Gout)
လို့ ခေါ်ကြပြီး ကျီးပေါင်းကိုတော့ (Ankylosing spondylitis)
လို့ခေါ်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါ နဲ့  ကျီးပေါင်းဟာ
သပ်သပ်စီဖြစ်ပါတယ်။ ဒီတစ်ပါတ် လူနာအခေါ် ကောက် ဆိုတဲ့ (Gout) ရောဂါ
အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
   Gout ကိုမြန်မာတွေက တိုက်ရိုက်ကူးချပြီး အလွယ် ဂေါက်ရောဂါ
လို့ခေါ်ကြပါတယ်။ စကားလုံးမွေးစားတယ်ပြောရမှာပေါ့။ Richman’s diseases
ချမ်းသာတဲ့ လူနာတွေမှာ အဖြစ်များတယ်ဆို ပေမယ့် မမှန်ပါဘူး။ မြန်မာနိုင်ငံ
မှာလဲ အဖြစ်များတယ်။အမေရိကား မှာ လူဦးရေ၏ ၂ ရာခိုင်နှုန်းက ဂေါက်ရောဂါ
ခံစားနေရပါတယ်။ လူဖြူထက် လူမည်းမှာ ပိုအဖြစ်များတယ်။ အမျိုး သားတွေမှာ
အဖြစ်များတာ တွေ့ရတယ်။ ဂေါက်ရောဂါ ဖြစ်ရတဲ့ အကြောင်း မှန်ကို
မသိရှိရသေးပေမယ့် သွေးတွင်း ယူရစ် အက်ဆစ် (Uric acid) များခြင်းနဲ့
ဆက်စပ်နေကြောင်း  ၁၈၄၈ မှာ စတင်တွေ့ရှိခဲ့တယ်။ ပုံမှန်အားဖြင့် ယူရစ်
အက်ဆစ် များလာရင် ကျောက်ကပ် က စွန့်ထုတ်ပေးရပါတယ်။ လုံလောက်အောင်
မစွန့်ထုတ်နိုင်တဲ့ အခါ သွေးထဲမှာ ယူရစ် အက်ဆစ်တွေများလာမယ်။ ကြာလာတဲ့
အခါ ယူရိတ်ဓါတ် (Urate) တစ်မျိုးဟာ ခန္ဓာကိုယ် အစစ်ထဲ ဝင်ရောက် ပြီး
ဒုက္ခပေးပါတော့တယ်။ ဂေါက်ရော ဂါ ရဲ့  ၈၀ ရာခိုင်နှုန်းဟာ ကျောက်ကပ်
မှလုံလောက်အောင် စွန့်ထုတ်ပေးနိုင်ခြင်းမရှိလို့ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ
ခန္ဓာကိုယ် မှ မတန်တဆ ထုတ်ပေးတဲ့ အခါလဲ ဂေါက် ရောဂါ ဖြစ်တတ်ပါသေးတယ်။
ဂေါက် ထလာရင် ဖြစ်တဲ့နေရာ က မခံမရပ်နိုင်အောင် နာကျင်လာတတ်ပါတယ်။
အများအားဖြင့် ခြေမ တွေမှာ အဖြစ်များပြီး ညအိပ်နေရင်း မခံမရပ်နိုင်အောင်
နာလာတတ်ပါတယ်။ တချို့ ဆိုရင် အဝတ်နဲ့ ထိမိတာတောင် မခံနိုင်ဘူး။
စောင်ခြုံရင်လည်း စောင်နဲ့ ပွတ်မိရင်နာတတ်ပြန်တယ်။ ဖြစ်တဲ့နေရာက ပူမယ်၊
နာမယ်၊ နီမယ်၊ ရောင်မယ်။ တစ်ခါ ဖြစ်ရင် ရက်သတ္တပါတ် တစ်ပါတ် နှစ်ပါတ်
အစရှိသဖြင့် ကြာတတ်ပြီး ပျောက်သွားတတ်တယ်။ အများအားဖြင့်  recurrent
ပြန်ဖြစ်တတ်တယ်။ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတွေ အဖြစ်များပြီး
အမျိုးသမီးတွေ ကအသက်ငါးဆယ်ကျော် သွေးဆုံးပြီးချိန်မှာ အဖြစ်များတယ်။
   ဆရာဝန်အများစုဟာ ဂေါက်ရောဂါ အတွက် သွေးတွင်း ယူရစ် အက်ဆစ် ကို
စစ်တတ်ကြပါတယ်။ ထူးဆန်းတာ တစ်ခုက ဂေါက်ရောဂါ ထနေတဲ့ လူနာအများစုကို
စစ်ကြည့်လိုက်တဲ့ အခါ သွေးတွင်း ယူရစ် အက်ဆစ် ပမာဏဟာ ပုံမှန်လောက်သာ
ရှိနေတတ်ပါတယ်။ ဒါကြောင့် ယူရစ် အက်ဆစ် ပုံမှန် ဖြစ်တိုင်းလဲ
ဂေါက်မဟုတ်ဘူး လို့ ပြောလို့မရပြန်ဘူး။ အစားအသောက်တွေ အသားတွေ အလွန်အကျွံ
စားတဲ့ ခပ်ဝဝ လူကြီးတစ်ယောက်ရဲ့  ယူရစ်အက်ဆစ် level ဟာတက်နေမှာပဲ။
သွေးတွင်း ယူရစ်အက်ဆစ် များခြင်း ဟာ အချိန် ကြာလာတာနဲ့ အမျှ အက်ဆစ်တွေ
ထဲမှာ စုပုံလာပြီး ရောဂါ လက္ခဏာ စတင်ခံစားရတယ်။ ၁၆၇၉ မှာ ဟော်လန်
နိုင်ငံသား လျူဝင်ဟုတ် ဟာ ယူရစ် အစိုင်အခဲ (Urate crystal) ပုံစံတွေကို
အဏုကြည့်မှန်ဘီလူး ဖြင့် ဖော်ထုတ်ပြသနိုင်ခဲ့တယ်။ အစားအသောက်
မဆင်ခြင်သူများဟာ ဂေါက်ရောဂါ မကြာခဏ ဖြစ်တတ်ပြီး နာလိုက်
ပျောက်လိုက်ဖြင့် လုံးချာလည်နေတတ်တယ်။ ဒီလို လူနာတွေမှာ အဆစ်ထဲ
စုပုံလာတဲ့ ယူရိတ် အစိုင် အခဲ တွေဟာ အရိုးတွေကို စားပြီး ပုံပျက်ပန်းပျက်
ဖြစ်လာစေတယ်။ အများအားဖြင့် မကုပဲထားတဲ့ လူနာတွေဟာ ငါးနှစ်ခန့်
အတွင်းမှာပဲ ဒီလိုမျိုးတွေ ဖြစ်ပေါ်လာတတ်တယ်။ ဒါမျိုးကိုဆေး ပညာအရ
(chronic gout) လို့ခေါ်ကြတယ်။ ဒီလိုနောက်ဆက်တွဲ ဆိုးကျိုးတွေ
မခံစားရလေအောင် သွေးတွင်း ယူရစ် အက်ဆစ်များ တဲ့ လူနာတွေကို
ကုသရခြင်းဖြစ်ပါတယ်။
   ဒီလိုဆိုရင် မေးစရာတစ်ခုရှိတာက သွေးတွင်းယူရစ် အက်ဆစ်
ဓါတ်များတိုင်းဆေးကု စရာလိုသလား။ ဆိုကြပါစို့။ လူနာတစ်ယောက် ဟာ
ယူရစ်အက်ဆစ် level တော့ တက်နေတယ်။ သို့သော် ဘာရောဂါလက္ခဏာ မှမရှိဘူး။ မိဘ
မျိုးရိုးကလဲ ဂေါက်မရှိဘူး။ အရက် ဘီယာ သောက်တာ၊ အဝလွန်တာ စတဲ့
အကြောင်းအရာ တွေလဲ မရှိဘူးဆိုရင် ဆေးကုသဖို့ လိုကောင်းမှလိုလိမ့်မယ်။
သတိပြုစရာအချက်တစ်ခုက ဂေါက်ထခြင်းဟာ သွေးတွင်း ယူရစ် အက်ဆစ် ပမာဏ
ရုတ်တရက် ပြောင်းလဲခြင်းနဲ့ သက်ဆိုင်နေတယ်ဆိုတာပါပဲ။ ဒါကြောင့်
ကျွန်တော်တို့ ဟာ ဆေးပေးတဲ့ အခါ သို့မဟုတ် ဆေးဖြတ်တဲ့ အခါ ဒီအချက်ကို
အထူးဂရု ပြုရတယ်။
   ဂေါက်ရောဂါ ကုသတဲ့ အခါ ရေတိုရောဂါ လက္ခဏာ သက်သာစေတဲ့ ဆေးနဲ့ ရေရှည် ယူရစ်
အက်ဆစ် ထိန်းဆေး တွေသောက်သုံးရပါတယ်။ ရေတိုသောက်ရမယ့် ဆေးတွေဟာ
ရောဂါလက္ခဏာ ကိုချက်ခြင်းသက် သာစေပြီး ရေရှည်သောက်ရမယ့် ဆေးတွေဟာ
နောက်တစ်ကြိမ်ဂေါက် ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ လတ်တလော
သက်သာစေတဲ့ ဆေးတွေကတော့ NSAID အရောင်ကျ အကိုက်အခဲ ပျောက်ဆေးတွေ ၊ Steroid
အရောက် ကျဆေးတွေ၊  Colchicine စတဲ့ တရုတ် တိုင်းရင်းဆေး တွေဖြစ်ကြပါတယ်။
Colchicine ကို ဂေါက်ရောဂါ သေချာမှသာ ပေးသင့်ပြီး ရောဂါ သိသိသာသာ
သက်သာလာတဲ့ အခါ ဂေါက်ရောဂါ ဟုထပ်မံ ကောက်ချက်ဆွဲနိုင့်ပါတယ်။ အကိုက်အခဲ
ပျောက်ဆေးတွေကို သောက်ဆေး ၊ ထိုး ဆေး နှစ်မျိုး အသုံး ပြုနိုင်ပါတယ်။
ယူရစ်အက်ဆစ် ထုတ်လုပ်မှု လျော့နည်းစေသည့်ဆေး (Allopurinol, Febuxostat)၊
ကျောက်ကပ်မှ ယူရစ်အက်ဆစ် စွန့်ထုတ်မှု များစေသည့်ဆေး (Probenecid)
စသည်တို့မှာ အသုံးများသော ဆေးများဖြစ်ကြပါတယ်။ ရေရှည်သောက်ရမည့်
ဆေးများမှာ တစ်ခါတစ်ရံ Life long တစ်သက်လုံးသောက်ရ တတ်ပါတယ်။ ဂေါက်ရောဂါ
ရှိသူများ ဟာ အစားအသောက် ရှောင်ကြဉ်ရန် အထူးလိုအပ်ပြီး ခန္ဓာကိုယ်
အလေးချိန် ဖြည်းဖြည်း နှင့် မှန်မှန် လျော့ချရန်အရေးကြီးပါတယ်။ ဘာကြောင့်
အလေးချိန် ဖြည်းဖြည်း ချင်း လျော့ ချဖို့ လိုအပ်သလဲ၊ စောစောက ပြောခဲ့သလို
ယူရစ် အက်ဆစ် level ရုတ်တရက်ပြောင်းလဲ ခြင်းဟာ ဂေါက်ရော ဂါ
ကိုပိုမိုဆိုးရွားစေလို့ပဲ။ဂေါက်ရောဂါရှိသူများ အထူးသတိထား ဆင်ခြင်ရမှာက
အစားအသောက်ပဲ ဖြစ်ပါတယ်။ဂေါက်ရောဂါသည်တွေ ရှောင်ကြဉ်သင့်တဲ့
အစားအသောက်တွေအပြင် စားသုံးသင့်တဲ့ အစားအစာ  တွေကိုပါ
ဖော်ပြပေးလိုက်ပါတယ်။
ရှောင်ကြဉ်သင့်သော အစားအစာများ
-နီသော အသားများ(အမဲသား၊ဆိတ်သား)
-ဝမ်းတွင်းကလီစာများ(အသည်း၊နှလုံး၊ကျောက်ကပ်)
-ငါးသေတ္တာများ၊ပင်လယ်စာများ၊
-မှိုအမျိုးမျိုး၊ပန်းဂေါ်ဖီ၊ဟင်းနုနွယ်၊ကညွတ်၊
-စတော်ဘယ်ရီ၊ခရမ်းချဉ်သီး၊အခွံမာသီး၊
-အရက်၊ဘီယာ၊ဝိုင်မျိုးစုံ၊
စားသုံးသင့်သော အစားအစာများ
-ဟင်းသီးဟင်းရွက်၊သစ်သီးဝလံများ
-ဂျုံ၊အာလူး၊ပြောင်း၊ဆန်
-ပေါင်မုန့်၊နို့၊ကြက်ဥ၊ဒိန်ခဲ၊ကိတ်မုန့်
-vitamin C ပါဝင်သော အားဆေးများ(500-1500mg/day)

gout ရောဂါဘေးမှ စာဖတ်ပရိတ်သတ်များ ကင်းဝေးနိုင်ကြပါစေဗျာ......။

ဒေါက်တာ အေးမင်းထူး