Monday, March 10, 2014

သက်စောင့်ဓာတ်များကို လေ့လာခြင်း(၈)

Vitamin B9(folic acid) 
Vitamin B9ကို ဖောလစ်အက်ဆစ်(folic acid)လို့ လူသိများတယ်။ တခြား အသုံးနည်းတဲ့နာမည်တွေက vitamin M, vitamin B9,vitamin Bc,folacin စတာတွေ ဖြစ်ပါတယ်။ folic acid ဆိုတာ လက်တင်စကား "folium" က ဆင်းသက်လာတယ်။အဓိပ္ပါယ်က "leaf"အရွက်လို့ ဆိုလိုချင် တာ ဖြစ်တယ်။ ဖောလစ် အက်ဆစ်ကို နာမည်ကျော်စေတဲ့ အချက်နှစ်ချက်ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်သလို သွေးအားနည်းရောဂါ အတွက်လည်း အသုံးကျလို့ ဖြစ်ပါတယ်။ဖောလစ်အက်ဆစ်က မျိုးဗီဇအတွက် အရေးပါတဲ့ DNAနဲ့ RNA ဖွဲ့စည်းဖို့ အရေးပါတယ်။ မျိုးပွားနိုင်စွမ်းကောင်းစေတယ်။ ကလေးလိုချင်တဲ့ အမျိုးသားရော၊အမျိုးသမီးပါ လိုအပ်တယ်။ ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ကြီးထွားမှုအပေါ်မှာ folic acidရဲ့ သက်ရောက်မှုများတယ်။
ကိုယ်ဝန်ဆောင်စဉ် ဖောလစ်အက်ဆစ်အားနည်းရင် ကလေးငယ်မှာ spina bifida မွေးရာပါ ခါးရိုးဆစ်အနာရှိနိုင်တယ်။ နှလုံးရောဂါ၊နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ၊ခြေလက်ချို့ယွင်းတာ ဖောလစ်ချို့တဲ့မှုနဲ့ သက်ဆိုင်တတ်တယ်။ လမစေ့မှီမွေးတာ၊ပေါင်မပြည့်ဘဲမွေးတာ၊ကြီးထွားမှု နှေးကွေးတာတွေဟာ ကိုယ်ဝန်ဆောင်ကာလတွေမှာ ဖောလစ်အက်ဆစ် ချို့တဲ့လို့ဖြစ်နိုင်တယ်။ ဒါ့ပြင် သွေးနီဥဖွဲ့စည်းတည်ဆောက်ဖို့လည်း ဖောလစ်အက်ဆစ် လိုအပ်ပါတယ်။ ၁၉၂၀လောက်ကစပြီး ဖောလစ်ဓာတ် ချို့တဲ့ခြင်းဟာ သွေးအားနည်းရောဂါနဲ့ ဆက်စပ်တာ သိရှိခဲ့တယ်။၁၉၆၀လောက်မှာ neural tube defect ဖြစ်ပေါ်စေတာ ထပ်မံတွေ့ရှိခဲ့တယ်။ 

ဖောလစ်အက်ဆစ်ဘယ်အချိန်က စတင်လိုအပ်လဲ။ 
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ဖောလစ်အက်ဆစ်က စတင်လိုအပ်လာပါတယ်။ ဒါ့ကြောင့် ကလေးယူမယ်လို့ စတင်ဆုံးဖြတ်ကတည်းက သောက်ထားသင့်တယ်။  ကိုယ်ဝန်ဆောင်မိခင်တွေ(အထူးသဖြင့် ပထမသုံးလ)မှာ ဖောလစ်အက်ဆစ်ကို ဖြည့်စွက်ဆေး သောက်သုံးနိုင်တယ်။ မွေးပြီးတဲ့နောက်လည်း နို့တိုက်မိခင်တွေမှာ ဆက်လိုအပ်တယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖောလစ်အက်ဆစ် 800mcg(မိုက်ခရိုဂရမ်) လောက်လိုအပ်ပြီး နို့တိုက်မိခင်တွေမှာ 600mcgလောက် လိုအပ်တယ်။ ပုံမှန်အားဖြင့် အရွယ်ရောက်သူတိုင်း နေ့စဉ် folic acid 400mcgလောက် လိုအပ်တယ်။ ဖောလစ်အက်ဆစ်ရဲ့ကောင်းတဲ့အချက်က ကိုယ်ဝန်ဆောင်စဉ် ကလေးပျက်ကျတာကို ကာကွယ်ပေးတယ်။ ကိုယ်ဝန်ဆိပ်တက်တာ၊အချင်းကွာတာမျိုးကို လျှော့နည်းစေတယ်။ macrocytic anaemia သွေးအားနည်းရောဂါအတွက်လည်း ဖောလစ်အက်ဆစ်ကို ဖြည့်စွက်ပေးရတယ်။ဖောလစ်အက်ဆစ်ကြောင့် အပေါ်သွေး၊အောက်သွေး ခြားနားချက်ကို ကျဆင်းစေတာ တွေ့ရတယ်။ နေ့စဉ် 5mg သုံးစွဲတဲ့အခါ လေဖြတ်နိုင်ချေကို  လျှော့ကျစေတယ်။ လေ့လာမှုတွေအရ ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေက အူမကြီးကင်ဆာ၊ရင်သားကင်ဆာ၊ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေ နည်းသွားစေတယ်။ 

ဖောလစ်အက်ဆစ်ကို အစိမ်းရင့်ရောင် အသီးအရွက်တွေမှာ အဓိကတွေ့ရတယ်။ပဲအမျိုးမျိုး၊အစေ့အဆန်၊အခွံမာသီး၊အသား၊ငါး၊နို့၊ကြက်ဥ၊ပင်လယ်စာတွေထဲမှာ ပါဝင်ကြတယ်။ ဒါ့ကြောင့် ကလေးလိုချင်သူ၊ကိုယ်ဝန်ဆောင်မိခင်လောင်းတွေမှာ အစားအသောက်ရှောင်တာ၊မစားတာလည်း မှန်ကန်တဲ့အလေ့အကျင့် မဟုတ်ဘူး။ folic acidဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဖြစ်လို့ ချို့တဲ့လွယ်တယ်။ ဖောလစ်ကြွယ်ဝတဲ့အစားအစာတွေက အပူနဲ့ အလင်းကို မခံနိုင်ဘူး။ အသီးအရွက်တွေ ချက်ပြုတ်ကြော်လှော်တဲ့အခါ နူးနေအောင် မချက်ပြုတ်သင့်ဘူး။ ချက်ပြုတ်တာ၊အခြောက်လှမ်းတာမျိုးက ဖောလစ်ဓာတ်ကို ပျက်ဆီးစေတယ်။ ချို့တဲ့စေတယ်။ ဖောလစ်အက်ဆစ် ချို့တဲ့ခြင်းက သွေးတွင်း homocysteine levelကို များစေပြီး နှလုံးရောဂါနဲ့လေဖြတ်နိုင်ချေပါ မြှင့်တက်လာတယ်။ စိတ်ကျရောဂါဖြစ်နိုင်ချေ ပိုများတာ တွေ့ရတယ်။

Folic acidပမာဏ အနည်း၊အများကို သွေးစစ်ပြီး သိရှိနိုင်တယ်။ သွေးတွင်း serum folate  3 μg/Lထက် နည်းရင် ဖောလစ်အက်ဆစ် ချို့တဲ့နေတယ်လို့ သိရတယ်။ဖောလစ်အက်ဆစ်ချို့တဲ့သူအတွက် folic acid 400-1000mcg လောက်ပေးပြီး ပြန်ဖြည့်ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ folic acid 5mg(မီလီဂရမ်) လောက် လိုအပ်နိုင်တယ်။အဝလွန်သူ(BMI>50)တွေမှာ ဖောလစ်အက်ဆစ် ချို့တဲ့နိုင်ချေ ပိုများတာ တွေ့ရတယ်။ ခန္ဓာကိုယ်က ဖောလစ်အက်ဆစ်စတင်ချို့တဲ့လာတာနဲ့ သိမ်းဆည်းထားတာတွေကို ထုတ်ယူသုံးစွဲပေးတယ်။ ယေဘုယျအားဖြင့် 500–20,000 mcgပမာဏ လောက်ထိ ထုတ်ယူသုံးစွဲနိုင်တယ်။ ဒါ့ကြောင့် လူတယောက်ဟာ ဖောလစ်အက်ဆစ် ချို့တဲ့တဲ့ လက္ခဏာရပ်တွေ ခံစားရဖို့ လချီပြီး ကြာမြင့်နိုင်တယ်။ 

ချို့တဲ့တဲ့လက္ခဏာရပ်တွေ
Folic acidချို့တဲ့ခြင်းကြောင့် အားယုတ်တာ၊နုံးချိတာ၊ပျို့ချင်၊အန်ချင် မစားနိုင် မသောက်နိုင်ဖြစ်နေမယ်။ ဗီတာမင်ဘီအုပ်စုဝင်ဖြစ်လို့ စွမ်းအင်ထုတ်လုပ်မှုကို ထိခိုက်လာတယ်။စားချင်စိတ်နည်းပြီး ဝိတ်ကျလာတယ်။ အသက်ရှူမဝတာ၊ခြေလက်ထုံကျဉ်တဲ့ဝေဒနာမျိုး ခံစားရနိုင်တယ်။ မှတ်ဥာဏ် ချို့ယွင်းတာ၊ ကြီးထွားမှုမရှိတာ၊အမူအကျင့်ပြောင်းလဲတာ ဖြစ်နိုင်တယ်။ ပါးစပ်အနာ၊ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်ဆိုတာ ဖောလစ်အက်ဆစ်နည်းတာနဲ့ သက်ဆိုင်တတ်တယ်။ 

ဖောလစ်အက်ဆစ်ဖြည့်စွက်ခြင်းရဲ့ မကောင်းတဲ့အချက်တွေလည်း ရှိသေးတယ်။ သံဓာတ်နဲ့ ဖောလစ်အက်ဆစ် ဖြည့်စွက်ခြင်းက ငါးနှစ်အောက်ကလေးတွေ ငှက်ဖျားကြောင့် အသေအပျောက်နှုန်း တက်လာစေတယ်။ ငှက်ဖျားပေါတဲ့ဒေသတွေမှာ သံဓာတ်၊ဖောလစ်အက်ဆစ်အားဖြည့်ဆေးက ငှက်ဖျားရောဂါဆေးကိုပါ သက်ရောက်စေလို့ သတိပြုသင့်တယ်။ဒါ့ပြင် သံဓာတ်၊ဖောလစ်နဲ့ ဘီတွဲဆိုတာ တခုနဲ့တခု မျှတနေသင့်တယ်။သွေးအားနည်းရောဂါမှာ ဖောလစ်အက်ဆစ်ကြောင့် vitamin B12(ဘီတွဲ)ချို့တဲ့တာကို ဖုံးကွယ်နိုင်တယ်။ ဒါ့ပြင် folic acidက ဆဲလ်ကွဲပွားခြင်းကို ဖြစ်စေနိုင်လို့ ကင်ဆာဆေးတချို့မှာ ဖောလစ်အက်ဆစ်ရဲ့ အာနိသင်ပြောင်းပြန် ဆဲလ်ပွားများမှု ကျဆင်းအောင် အသုံးပြုကြတယ်။ ဥပမာ methotrexate ကင်ဆာဆေးမှာ antifolate အာနိသင်ကို အသုံးပြုပြီး ကင်ဆာရောဂါကို ကုသတယ်။ အလားတူ methotrexateကြောင့် ဖြစ်တဲ့ ဆိုးကျိုးတွေကို သက်သာစေဖို့ ဖောလစ်အက်ဆစ်တမျိုးဖြစ်တဲ့ folinic acidကို အသုံးပြုရပြန်တယ်။ ဒီအချက်ကို အခြေခံပြီး ပြောရရင် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ကလွဲရင် ဆရာဝန်ညွှန်ကြားမှုမပါဘဲ folic acidသုံးစွဲတာမျိုးကို သတိထားသင့်တယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၁၀.၃.၁၄)

No comments:

Post a Comment