Wednesday, July 30, 2014

ငှက်ဖျားအကြောင်း တစေ့တစောင်း

ကမ္ဘာမှာ ငှက်ဖျားရောဂါဖြစ်သူပေါင်း သန်း ၂၀၀ကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နှစ်စဉ် လူတစ်သန်းလောက်ဟာ ဒီရောဂါနဲ့ သေကြေပျက်ဆီးကြတယ်။ ငှက်ဖျားရောဂါကို အပူပိုင်းဒေသတွေနဲ့ အပူလျှော့ပိုင်းဒေသတွေမှာ အဓိကတွေ့ရတယ်။ ခြင်ပေါက်ဖွားမှုကလည်း ဒီလိုဒေသတွေမှာ များတာကိုး။ အထူးသဖြင့် မိုးကျပြီးစ ရေစီးရေလာ မကောင်းတဲ့နေရာတွေမှာ ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်တွေ ပေါက်ဖွားကြတယ်။ ငှက်ဖျားဖြစ်စေတာက ခြင်မဖြစ်တယ်။ ခြင်မတွေက လူသွေးကို စုပ်ယူပြီး ခြင်ထီးတွေက အပင်တွေရဲ့ ဝတ်ရည်ကို စုပ်ယူတယ်။ ငှက်ဖျားပိုးဟာ ခြင်ကသာမက သွေးသွင်းရာကနေတဆင့် ကူးစက်နိုင်တယ်။ အမေကနေ ကလေးကို ကူးစက်ရင် congenital malaria လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ငှက်ဖျားကူးစက်ခံရရင် ကလေးအသေမွေးတာ၊ပေါင်မပြည့်တာမျိုး ရှိတယ်။ ငါးနှစ်အောက်ကလေးငယ်တွေ သေဆုံးမှုဟာ ငှက်ဖျားရောဂါကြောင့် ပိုများလာတယ်။ ငှက်ဖျားရောဂါကို သွေးနီဥဆိုင်ရာ မျိုးဗီဇပြောင်းလဲမှုအချို့က ခံနိုင်ရည်ရှိတယ်။  သာလာဆီးမီးယားရောဂါ၊ G6PD ချိုတဲ့ခြင်း နဲ့ ဆစ်ကယ်ဆဲလ် သွေးအေားနည်းရောဂါရှိသူမှာ ရောဂါပိုးမဝင်ရောက်နိုင်လို့ ကာကွယ်ပြီးဖြစ်တယ်။ 


ငှက်ဖျားဘာကြောင့် ဖြစ်လဲ
Plasmodium ပါရာဆိုက်ကနေ ငှက်ဖျားရောဂါ ဖြစ်စေတယ်။ အနောဖလိခြင်မ(female anopheles mosquito)က ငှက်ဖျားပိုး plasmodium ပါရာဆိုက်ကို သယ်ဆောင်ပေးတယ်။ plasmodium ပါရာဆိုက်ဆိုတာ ဆဲလ်တခုတည်းပါတဲ့ ပရိုတိုဇိုးဝါးကောင်(protozoa) တမျိုးဖြစ်တယ်။ လူတွေမှာ ငှက်ဖျားဖြစ်စေတဲ့ plasmodium ပါရာဆိုက်မှာ အမျိုးအစား ငါးမျိုးရှိပါတယ်။ P. falciparum,P. vivax,P. ovale,P.malariae နဲ့ P. knowlesi တို့ဖြစ်ကြတယ်။ ဒီထဲမှာ အများဆုံးဖြစ်စေတာက Plaslodium falciparum အမျိုးအစား ဖြစ်ပါတယ်။ ငှက်ဖျားဖြစ်သူရဲ့ ၇၅ရာခိုင်နှုန်းဟာ ဒီပိုးကြောင့်ဖြစ်တယ်။  ကျန်တဲ့ ၂၅ရာခိုင်နှုန်းက Plasmodium vivax ကြောင့် ဖြစ်စေတယ်။ ဒီထဲမှာ ပြင်းထန်တဲ့ ငှက်ဖျားရောဂါကိုဖြစ်စေတာလည်း P. falciparum ကြောင့်ပါပဲ။ ပိုဆိုးတာက ဆေးမတိုးတာပါ။ အရင် ခေတ်က အသုံးများခဲ့တဲ့ chloroquine နဲ့ sulfadoxine တို့လို ငှက်ဖျားဆေးတွေ မတိုးတော့ပါဘူး။ အခုနောက်ပိုင်းမှာ quinine နဲ့ mefloquine လိုဆေးတွေကိုပါ မတိုးတော့ဘူးဆိုတာမျိုးတွေ တွေ့ရှိလာရတယ်။ ဒါ့ကြောင့်လည်း ငှက်ဖျားရောဂါဟာ အသေအပျောက်များတဲ့ ရောဂါဆိုးဘဝကနေ ရုန်းမထွက်နိုင်သေးတာ ဖြစ်ပါတယ်။ 

ကူးစက်ပုံအဆင့်ဆင့်
ငှက်ဖျားရောဂါအကြောင်း သိဖို့ ငှက်ဖျားပိုး ကူးစက်ပုံကို အရင်နားလည်ဖို့ လိုအပ်ပါတယ်။ ခြင်ကိုက်ခံရတဲ့အခါ ရောဂါပိုးသယ်ဆောင်တဲ့ ခြင်မရဲ့ တံထွေးမှာပါတဲ့ ငှက်ဖျားပိုး(sporozoite)ဟာ အရေပြားကတဆင့် သွေးကြောထဲကို ရောက်သွားပါတယ်။ ဝင်လာတဲ့sporozoiteဟာ သွေးကြောကတဆင့် အသည်းထဲရောက်တယ်။ အသည်းထဲရောက်ရင်  အဲဒီ sporozoiteတွေဟာ asexual နည်းနဲ့ မျိုးပွားပြီး merozoiteတွေ အများထွက်လာတယ်။ အသည်းထဲ ပွားများနေချိန်ထိ ခန္ဓာကိုယ်က ဘာလက္ခဏာမှ မပြသေးဘူး။ တဖြည်းဖြည်းနဲ့ အသည်းဆဲလ်တွေပျက်ဆီးတဲ့အခါ merozoiteတွေ အပြင်ထွက်လာပြီး သွေးကြောထဲမှာရှိတဲ့ သွေးနီဥကို ဝင်ရောက်ကူးစက်ခံရတယ်။ သွေးနီဥထဲ ရောက်တဲ့ ငှက်ဖျားပိုးတွေ တစတစ ပိုမိုပွားများလာပြီး နောက်ဆုံးမှာ သွေးနီဥတွေ ဖျက်ဆီးပစ်ပါတယ်။ ဒီအချိန်မှာ ငှက်ဖျားရဲ့ လက္ခဏာတွေ စတင်ပြသပါတယ်။ 

ဒါပေမယ့် သွေးကြောထဲမှာရှိတဲ့ merozoiteအချို့ကတော့ မရင့်သေးတဲ့မျိုးဥ(immature gametocyte) အဖြစ်ကျန်ရှိနေတယ်။ ရောဂါပိုးရှိတဲ့လူကို ခြင်ကိုက်တဲ့အခါ သွေးကတဆင့်ပိုး(gametocyte)ပါလာပြီး ခြင်ရဲ့အူထဲကို ရောက်လာပါတယ်။ ခြင်မရဲ့ အူထဲမှာပဲ မျိုးဥဖို(male gametocyte)နဲ့ မျိုးဥမ(female gametocyte) ပေါင်းစပ်မျိုးအောင်ပြီး သားဥ(zygote ) ဖြစ်လာတယ်။ သားဥက ရင့်မှည့်လာတဲ့အခါ sporozoite ဖြစ်ပြီး ခြင်ရဲ့ တံထွေးဂလင်းထဲကို ရောက်တယ်။ ရောဂါပိုးရှိတဲ့ ခြင်ကိုက်တဲ့အခါ တံထွေးမှာပါတဲ့ ငှက်ဖျားပိုးက လူ့ခန္ဓာကိုယ်ထဲရောက်ပြီး ငှက်ဖျားသံသရာစက်ဝိုင်းက တဖန်ပြန်လည်တယ်။ plasmodium vivaxနဲ့ ovale ကျတော့ တခြားအမျိုးအစားတွေထက် နည်းနည်းထူးခြားတယ်။ အသည်းထဲမှာအောင်းနေတဲ့ hypnozoite ပုံစံနဲ့ ရှိနေတယ်။ တချိန်ချိန်မှာ အသည်းမှာအောင်းနေတဲ့ hypnozoiteက ပြန်လည်ထကြွတဲ့အခါ ငှက်ဖျားရောဂါ ပြန်ဖြစ်လာနိုင်တယ်။ အများအားဖြင့် ငှက်ဖျားဖြစ်ပြီး ၃-၆လအတွင်း ပြန်ထလာရင် ဒီအမျိုးအစားပိုးကြောင့် ဖြစ်နိုင်တယ်။ 

ငှက်ဖျားလက္ခဏာများ
ရောဂါလက္ခဏာတွေဟာ ငှက်ဖျားပိုးကူးစက်ခံရပြီး ၁-၃ပတ်အတွင်း စတင်ပြသတတ်တယ်။ ကာကွယ်ဆေးကြိုသောက်ထားရင် အဲဒီထက် နောက်ကျပြီးမှ လက္ခဏာပြနိုင်တယ်။ အများစုဟာ အဖျားတက်လိုက် ကျလိုက် ရှိတယ်။ မဖျားခင် အရင်ဆုံး ချမ်းပြီး တုန်လာတယ်။ ပြီးမှဖျားတယ်။ အဖျားကျပြီးရင် ချွေးတွေအရမ်းထွက်လာတယ်။ အဖျားတက်တဲ့ ပုံစံက ပိုးပေါ်မူတည်ပြီး မတူညီကြဘူး။ ယေဘုယျအားဖြင့် falciparum မှာ တစ်ရက်တခါလောက် အဖျားတက်တယ်။ vivaxနဲ့ ovaleမှာ နှစ်ရက်တခါ အဖျားပုံမှန်တက်တယ်။ malariaeကျတော့ သုံးရက်တခါ ပုံမှန်ဖျားတယ်။ တဆက်တည်း အဆစ်အမြစ်တွေ ကိုက်ခဲတယ်။ ခေါင်းကိုက်တယ်။ ပျို့ချင် အန်ချင်ရှိမယ်။ အသားဝါတာ၊သွေးအားနည်းတာလည်း ရှိတတ်တယ်။ ပိုဆိုးတဲ့ရောဂါမျိုးမှာ ဆီးရောင် အမည်းတွေသွားတာ၊တက်တာမျိုးထိ ရှိပါတယ်။ ငှက်ဖျားပိုးဝင်ပြီး ၁-၃လအတွင်း ဦးနှောက်ထဲငှက်ဖျားပိုးဝင်(cerebral malaria) ဖြစ်နိုင်တယ်။ ကိုယ်အနေအထားပုံမမှန်တာ၊မျက်လုံးက ပုံမှန်မဟုတ်ပဲ စွေစောင်းနေတာ၊ မကြာခဏတက်တာ၊သတိလစ်တာ မျိုးရှိရင် cerebral malaria ဖြစ်နိုင်တယ်။ အသက်အန္တရာယ်စိုးရိမ်ရလို့ ဆေးရုံတက်ရောက်ကုသမှု ခံယူသင့်တယ်။ လူနာကို စမ်းသပ်ကြည့်ရင် ဘေလုံးကြီးတာ၊အသည်းကြီးတာ၊သွေးအားနည်းတာ တွေ့ရတယ်။ ဂလူးကို့စ်တိုင်းကြည့်ရင် ပုံမှန်အောက် တော်တော်လေးနည်း နေတတ်တယ်။ မြန်မာနိုင်ငံမှာ ချမ်းတုန်ဖျားတာမျိုးရှိရင် ငှက်ဖျားကို ဦးစားပေးစဉ်းစားရပါတယ်။ ငှက်ဖျားရှိတဲ့ဒေသကို သွားဖူးရင် ငှက်ဖျားဖြစ်ဖို့ အခွင့်အလန်း ပိုများတယ်။ 

သွေးစစ်ခြင်း
ငှက်ဖျားပိုးရှိ၊မရှိသိအောင် သွေးစစ်ရပါတယ်။ အခုနောက်ပိုင်း ဆေးခန်းမှာ အလွယ်တကူစမ်းသပ်စစ်ဆေးနိုင်တဲ့ rapid diagnosis test တွေ ပေါ်ပေါက်နေပါပြီ။ အဖြေကို မိနစ်ပိုင်းအတွင်း သိနိုင်တယ်။ ဓာတ်ခွဲခန်းတွေမှာတော့ blood film နဲ့ မိုက်ခရိုစကုပ်အောက်မှာ ကြည့်ပြီး သိနိုင်တယ်။ ဒီနည်းနဲ့ ငှက်ဖျားပိုးကို ၇၅-၉၀ရာခိုင်နှုန်းထိ ဖော်ထုတ်နိုင်တယ်။ အခုနောက်ဆုံး PCR နည်းနဲ့ ပိုးရဲ့ DNAကို စမ်းသပ်နိုင်ပါတယ်။ ဈေးအားဖြင့် ပိုကြီးလာပါတယ်။ 

ငှက်ဖျားကုသခြင်း
မြန်မာနိုင်ငံမှာ အဖြစ်များဆုံးက plasmodium falciparum ဖြစ်ပါတယ်။ ငှက်ဖျားကုတဲ့အခါ ဆေးတမျိုးတည်းသောက်ရင် ဆေးယဉ်ဖို့ အခွင့်အလန်းပိုများတယ်။ ဒါ့ကြောင့် အနည်းဆုံး ဆေးနှစ်မျိုးပေါင်းသောက်ရတယ်။Artemesinin combination therapy(ACT)လို့ ခေါ်ပါတယ်။ Artemesinin ဆေးတမျိုးကို ပုံသေထားပြီး lumefantrine(သို့) mefloquine(သို့) amodiaquine(သို့) sulfadoxine/pyrimethazine တမျိုးမျိုးနဲ့ ပေါင်းသုံးတာမျိုး ဖြစ်ပါတယ်။ ဆေးကို သုံးရက်သောက်ရတယ်။ သိပ်မဆိုးတဲ့ uncomplicated malariaမှာ ၉၀ရာခိုင်နှုန်း ထိရောက်တယ်။ falciparumမဟုတ်တဲ့ ငှက်ဖျားကျတော့ chloroquine တမျိုးတည်းနဲ့ရပါတယ်။ ဒီထဲမှာမှ vivax အမျိုးအစားက ပြန်ဖြစ်တတ်လို့ primaquine ဆေးကို နှစ်ပတ်ထည့်သောက်ရတယ်။ ပြင်းထန်တဲ့ ငှက်ဖျားရောဂါ(severe malaria)ဖြစ်ရင် သောက်ဆေးနဲ့မရလို့ ထိုးဆေးပေးရတယ်။ artesunate (သို့) artemeter (သို့) quinine တခုခုကို အကြောဆေး(သို့)အသားဆေး ပေးရတယ်။ ဆေးပတ်လည်အောင်ပေးပြီး သက်သာလာမှ သောက်ဆေးပြောင်းပေးရတယ်။ သောက်ဆေးပြောင်းတဲ့အခါ ACT ကို သုံးရက်ပြည့်အောင် ဆက်သောက်ပေးရတယ်။ ကိုယ်ဝန်ဆောင် ပထမသုံးလမှာ ငှက်ဖျားဖြစ်ရင် quinineနဲ့ clindamycin ကို ပေါင်းသုံးပေးရတယ်။ အကယ်၍ နောက်ဆုံးလတွေမှာ ဖြစ်ရင် ACTကို ပြောင်းလဲအသုံးပြုနိုင်တယ်။ ငှက်ဖျားရောဂါကို သေချာမကုသနိုင်ရင် အသေအပျောက်များလာတယ်။ သေဆုံးသူရဲ့ ၆၅ရာခိုင်နှုန်းဟာ အသက်(၁၅)နှစ်အောက် အရွယ်တွေ ဖြစ်ကြတယ်။ ငှက်ဖျားကြောင့် သေဆုံးသူရဲ့ ၂၀ရာခိုင်နှုန်းဟာ ပြင်းထန်တဲ့ cerebral malaria ကြောင့် ဖြစ်ပါတယ်။ ငှက်ဖျားဆေးယဉ်ပါးမှုတွေဟာ လျှော့ပါးမသွားပဲ ပိုများလာပါတယ်။ ဆေးသောက်ပြီး သက်သာလာရင် အများစုဟာ ဆက်မသောက်တော့ပဲ ရပ်ပစ်ကြတယ်။ အဲဒီကနေပဲ ငှက်ဖျားပိုးတွေဟာ တဖြည်းဖြည်း ဆေးယဉ်ပါးလာကြတယ်။ ဆေးယဉ်ပါးမှုကို တားဆီးဖို့ မလွယ်ကူတာကြောင့် ကာကွယ်ရေးကို လေးပေးလုပ်ဆောင်သင့်တယ်။ 

ကာကွယ်ခြင်း
ငှက်ဖျားရှိတဲ့ဒေသကို မသွားမီ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးနိုင်တယ်။ အသုံးများတဲ့ ကာကွယ်ဆေးတွေက mefloquine နဲ့doxycycline တို့ ဖြစ်ကြတယ်။ atovaquoneနဲ့ proguanilဆေးနှစ်မျိုးကို လည်း ကြိုတင်သောက်သုံးပြီး ကာကွယ်နိုင်တယ်။ ငှက်ဖျားရောဂါကို အမြစ်ပြတ် နှိင်နင်းဖို့ အကောင်းဆုံးနည်းက ခြင်နှိမ်နင်းရေးသာ ဖြစ်တယ်။ အထိရောက်ဆုံးနည်းဖြစ်သလို စရိတ်စက အသက်သာဆုံးလည်း ဖြစ်တယ်။ ခြင်တွေခိုအောင်းပေါက်ဖွားနိုင်တဲ့ ရေဆိုး၊ရေပုပ်တွေက်ု ရှင်းလင်းပေးသင့်တယ်။ ညဖက်ခြင်ကိုက်မခံရအောင် နေထိုင်သင့်တယ်။ ခြင်ဆေး၊ပိုးသတ်ဆေး ဖြန်းရုံသာမက ညအိပ်တဲ့အခါ ခြင်ထောင်ထောင်အိပ်တဲ့ အကျင့်မျိုး လုပ်ဆောင်သင့်တယ်။  အမေရိကားနဲ့ ဥရောပတောင်ပိုင်းမှာ ခြင်နှိမ်နင်းရေးကို ကောင်းကောင်းလုပ်နိုင်ခဲ့လို့ ငှက်ဖျားရောဂါမဖြစ်တော့သလောက် ရှားပါးသွားတယ်။ ၂၀၁၂ခုနှစ်က global fundကနေ ခြင်အန္တရာယ် ကာကွယ်ရေးအတွက် ဆေးစိမ်ခြင်ထောင် သန်း၂၃၀ ကျော်ကို ဝေမျှပေးခဲ့တယ်။အခုနောက်ပိုင်း ငှက်ဖျားကာကွယ်ဆေးကိုလည်း စမ်းသပ်တီထွင်နေပြီး အောင်မြင်မယ့်အလားအလာတွေ ရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေးမပေါ်ခင်စပ်ကြားမှာ ခြင်အန္တရာယ်နှိမ်နင်းရေးကိုသာ အလေးထားလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
Health Care Journal(1.8.14)

No comments:

Post a Comment