Tuesday, December 16, 2014

ဝက်ခြံပျောက်အောင်

မင်္ဂလာပါဆရာ
     အရင်တုန်းကလဲဆရာကို ကျန်းမာရေးနဲ့ပါတ်သက်တာတွေမေးဖူးပါတယ်ဆရာ စိတ်ရှည်လက်ရှည်ပြန်ဖြေပေးတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ် ဆရာဒီထက်မက အများအကျိုးကို ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်
     ဆရာရှင့်  tetracyclinကို ၂နှစ်လောက်ဆွဲသောက်ရင် ဘယ်လို side effect တွေရှိနိုင်လဲဟင် တစ်ရက်ကို250 mgိုနှစ်ကြိမ်သောက်ပါတယ် အဲဒီဆေးကို မသောက်ရင်လဲ မျက်နှာမှာ ဝက်ခြံတွေကပြန်ထွက်လာတယ် ဆေးကိုလဲဆွဲပြီး သောက်သင့် မသောက်သင့် ဖြေကြားပေးပါအုံး ဆရာစာကို အားကိုးတကြီးစောင့်မျော်နေပါတယ် 


Tetracycline ဟာ ဝက်ခြံအပါအဝင် ရောဂါပိုးတွေကို ကုသဖို့ သုံးစွဲကြပါတယ်။တနည်းအားဖြင့် ဗက်တီးရီယားပိုးကြောင့် ဖြစ်တဲ့ရောဂါအတွက် အဓိကအသုံးပြုပါတယ်။ပင်နယ်စလင်မတဲ့တဲ့ လူနာတွေမှာလည်း tetracycline ကို ပြောင်းလဲအသုံးပြုနိုင်တယ်။ inflamed acneခေါ်တဲ့ ရောင်ရမ်းမှုရှိတဲ့ဝက်ခြံမျိုးမှာလဲ အသုံးပြုပါတယ်။ Doxycycline,minocycline တို့ဟာ အမျိုးအစားတူပိုးသတ်ဆေးတွေ ဖြစ်ကြတယ်။

အသုံးပြုနိုင်တဲ့ရောဂါပိုးများ
-Neisseria gonorrhea
-Haemophilus ducreyi
-Haemophilus influenzae
-Yersinia pestis (formerly Pasteurella pestis)
-Francisella tularensis (formerly Pasterurella tularensis)
-Vibrio cholera (formerly Vibrio comma)
-Bartonella bacilliformis
-Brucella species
-chlamydia
-rickettsia 

ဘေးထွက်ဆိုးကျိုးများ
-ပျို့ချင်၊အန်ချင်
-အစားအသောက်ပျက်
-ဝမ်းပျက်
-ခေါင်းမူး၊ခေါင်းကိုက်
-လည်ချောင်းနာ
-ပါးစပ်အပူနာ
-ဗိုက်နာ
-သွားမဲညစ်ညစ်၊ဝါကျင့်ကျင့်ဖြစ်ခြင်း
-အားယုတ်ခြင်း
-အနီစက်ထွက်ခြင်း

ဆေးဘယ်လောက်သောက်ရမလဲ
လူကြီး- 500mg တနေ့ နှစ်ကြိမ်
ကလေး-250mg တနေ့ လေးကြိမ်(သို့) 25mg/kg/day လေးကြိမ်ခွဲတိုက်ပါတယ်။

အတူတွဲမသောက်သင့်တဲ့ဆေးများ
-အဆီကျဆေး(cholesterol-lowering medications)
-ဝက်ခြံပျောက်ဆေး(isotretinoin,tretinoin)
-အစာအိမ်ဆေး(antacids)
-အစာအိမ်ဆေးbismuth subsalicylate (i.e. Pepto-Bismol), 
-အားဆေး(iron, zinc, calcium, magnesium)
-သွေးကျဲဆေး(blood thinners)
-ပင်နယ်စလင်(penicillin antibiotics)

ဆေးမသုံးသင့်သူ
-ကိုယ်ဝန်ဆောင်
-နို့တိုက်မိခင်
-(၈)နှစ်အောက် ကလေးငယ်များ

အထူးသတိပြုရမှာက ကိုယ်ဝန်ဆောင် သန္ဓေသားဘဝထဲက အသက်(၈)နှစ်အရွယ်ထိကို tetracycline လုံးဝမပေးရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ tetracyclineကြောင့် ကလေးတွေရဲ့သွားမှာ ဝါလာ၊မဲလာတယ်။ ရာသက်ပန်ဖြစ်လို့ (၈)နှစ်အောက်ကလေးတွေရှောင်ကြဉ်သင့်တယ်။ 

Tetracycline ရဲ့ ဘေးထွက်ဆိုးကျိုးက ကြာလေများလေဖြစ်ပါတယ်။ လူနာတချို့မှာ နေလောင်ရင် အနီစက်၊အနီကွက်တွေ ထွက်လာတယ်။ နေရောင်နဲ့ထိလေ ပိုဆိုးလေဖြစ်မယ်။ ဒ့ါကြောင့် မလိုအပ်ဘဲနေလောင်တာမျိုး တတ်နိုင်သမျှ ရှောင်ကြဉ်သင့်တယ်။ ဆေးသောက်ချိန်ကြာတာနဲ့အမျှ အသည်း၊ကျောက်ကပ် ထိခိုက်နိုင်တယ်။ သွေးအားနည်းတာ၊သွေးဥမွှားနည်းတာ ဖြစ်နိုင်တယ်။ ပိုးသတ်ဆေးသဘောက ကောင်းတာရော၊မကောင်းတာပါ သတ်ပစ်နိုင်လို့ အကျိုးပြုပိုးမွှားတွေ သေသွားနိုင်တယ်။ superinfection ထပ်ဆင့်ပိုးဝင် ဖြစ်နိုင်တယ်။ထပ်ပြီး သတိပေးချင်တာက ကိုယ်ဝန်ဆောင်ချင်သူအမျိုးသမီး၊ကိုယ်ဝန်သည်များ မသောက်သုံးရဘူး။ အချင်းကတဆင့် ကလေးကို ဒုက္ခပေးနိုင်တယ်။မွေးရာပါချို့တဲ့နိုင်တယ်။ ဒါ့ပြင် အသည်း၊ကျောက်ကပ်မကောင်းသူတွေမှာ ရေရှည်သုံးစွဲရင် သတိထားသင့်တယ်။အသည်း၊ကျောက်ကပ် သွေးအဖြေကို အမြဲစစ်နေသင့်တယ်။ 

ကင်ဆာဖြစ်နိုင်ချေ
ဓာတ်ခွဲခန်းကြွက်တွေမှာ စမ်းသပ်တဲ့အခါ ကင်ဆာနဲ့ ဆက်စပ်မှုမတွေ့ရဘူး။ တခြားအုပ်စုဝင်တွေဖြစ်တဲ့(oxytetra သို့ minocycline)မှာ ကင်ဆာဖြစ်နိုင်ချေ ပိုတာတွေ့ရတယ်။ သုသေသနမလုပ်ရတဲ့ လက်တွေ့သမားအချို့မှာ ၁၀နှစ်မကသုံးစွဲကြည့်တဲ့အခါ autoimmune diseaseဖြစ်ပေါ်လာတာတွေ့ရတယ်။တိုကိဆိုင်မှုလား မသေချာသေးဘူး။ 

နိဂုံးချုပ်ရရင် tetracycline ကို အသုံးပြုနိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးကြောင့် ရေတိုသာ သုံးစွဲသင့်တယ်။ တချို့လည်း သောက်လိုက်၊ဖြတ်လိုက်လုပ်ကြတယ်။ (၂)နှစ်ဆိုတဲ့အချိန်ကာလဟာ ဝက်ခြံဆိုတဲ့အလှအပတခုအတွက် ပေးဆပ်ရတာနဲ့မကာမိတဲ့အချိန်ဖြစ်ပါတယ်။ တခြားနည်းလမ်းရှိမှာပါ။ ကြိုးစားကြည့်ပါ။ ဝက်ခြံသိပ်ဆိုးရင် အရေပြားအထူးကုနဲ့ တိုင်ပင်ကြည့်ပါ။ ဝက်ခြံကင်းစင် လှပပျော်ရွှင်နိုင်ပါစေ။

ဒေါက်တာ အေးမင်းထူး
၁၀.၃.၁၄

No comments:

Post a Comment