Tuesday, December 16, 2014

ဟိုနေရာမှာ ယားနေလို့

ကျွန်တော်ရောဂါက အစက ၀ဲ လို အနီစက်ကလေးတွေပေါက်တာပါ။နောက်တော့ ဝှေးစေ့မှာ အဖုလေးတွေ ပေါက်ပြီး ယားတယ်။သူငယ်ချင်းတစ်ယောက်ဆီက ကူးတာပါ။သူက အရင်ဖြစ်တာပါ။သူက ပျေက်သွားပြီး ကျွန်တော်ကို ကူးပါတယ်။ဝှေးစေ့က မတရားကို ယားတာပါ။လူကြားထဲ မနေနိုင်အောင်ကို ယားပါတယ်။ဆရာဝန်နဲ့ပြလဲ မရပါဘူး။ဆေးသောက်တုန်းက ခဏပါပဲ။ဆေးကုန်ခါနီးရင် ပြန်ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲ။

မမြင်ရပေမယ့် ခန့်မှန်းမိသမျှပြောရရင် ဒီလိုနေရာမှာ ပွေး၊ယားနာအရေပြားရောဂါမျိုးကတော့ ပိုအဖြစ်များတယ်။ မှိုပိုးကြောင့် ဖြစ်စေတယ်။ ဒါ့ကြောင့် မှိုပိုးနိုင်တဲ့ဆေးကို သောက်သင့်တယ်။ သတိပြုရမှာက ဆေးကို ကြာရှည်စွဲသောက်သင့်တယ်။ အနည်းဆုံး ၃-၆လ ထိဆေးသောက်ပေးပါ။ တကိုယ်ရည်သန့်ရှင်းရေး အထူးအရေးကြီးပါတယ်။ အောက်ခံဘောင်းဘီကို သေချာလျှော်ပြီး နေပူပူအောက်မှာ လှမ်းပေးပါ။ ပိုကောင်းချင်ရင် ရေနွေးနဲ့ လျှော်သင့်တယ်။ တခါတရံ အသေးစိတ်က ပိုအရေးကြီးတာ တွေ့ရတယ်။ တခါက လူနာတယောက်လည်း ဒီလိုမျိုး ဆေးသောက်လိုက်၊ပြန်ဖြစ်လိုက်နဲ့ စိတ်ပျက်ပြီး ရောက်လာခဲ့ဘူးတယ်။ သူကတော့ ရောဂါအရှင်းမပျောက်နိုင်လို့ ကိုယ့်ဘာသာကိုယ် ကုသလို့မရတဲ့ရောဂါလို့ အမည်တပ်ပါတယ်။ ဆေးသောက်တာလည်း စုံခဲ့ပြီ။ ပြီးရင်လည်း ပြန်ဖြစ်တာပဲဆိုပြီး ဆေးကိုဆက်မသောက်တော့ဘူး။ ဆေးခန်းရောက်တော့ ကုတ်ထားတဲ့နေရာတွေက တော်တော်ဆိုးတာ တွေ့ရတယ်။ အမှန်က မှိုပိုးဝင်ရုံမက သေချာလည်းမကုတာကြောင့် ရောဂါပိုဆိုးလာတာဖြစ်တယ်။ ဒါနဲ့ လူနာကို သောက်ရမယ့် ဆေးပေးပြီး အောက်ခံအဝတ်အစားတွေအားလုံးကို ရေနွေးနဲ့ သေချာလျှော်ခိုင်းတယ်။ ပိုးသတ်ဆပ်ပြာပေးပြီး သေချာကုတဲ့အခါ ၁လခွဲလောက်နေတဲ့အခါ တော်တော်သက်သာလာတယ်။ ၃လလောက်နေတော့ အရှင်းနီးပါး ပျောက်သွားတယ်။ ဒါပေမယ့် လူနာကို ၆လလောက်ထိ ဆေးသောက်ခိုင်းခဲ့တယ်။ အဲဒီကတည်းက ပျောက်သွားတာ ဒီနေ့ထိ ပြန်ဖြစ်မလာတော့ဘူး။ အဲဒီလူနာလည်း နောက်ပိုင်းမှာ အောက်ခံဟူသမျှ ရေနွေးနဲ့ လျှော်တဲ့အကျင့်လေးပါ ရသွားတယ်။ ဒါ့ကြောင့် မေးထားသူအနေနဲ့ စိတ်မညစ်ပါနဲ့။ သေချာဆေးပေးကုသရင် လုံးဝသက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။

အကြံပြုချက်
၁။အောက်ခံတွေကို ရေနွေးနဲ့ ဆေးပြီး ခြောက်အောင်လှမ်းပြီးမှ ဝတ်ပါ။
၂။ပေါင်ခြံ၊ဂွကြားကို အစိုဓာတ်မများ(ချွေးမပြန်)စေနဲ့။ အကယ်၍ ချွေးပြန်ပြီး ယားယံလာရင် candid powder(သို့)micobact powder အမှုန့်နဲ့ လိမ်းပါ။
၃။ရေချိုးတဲ့အခါတိုင်း ဖြစ်တဲ့နေရာကို dettol လို ဆေးဆပ်ပြာရည် သုံးပြီး ဆေးကြောသန့်စင်ပါ။ ဆေးရည်က ဆပ်ပြာလိုပဲ သုံးရတာဖြစ်တယ်။ပိုကောင်းချင်ရင် ရေနွေးလေးနဲ့ ထပ်ဆေးပေးပါ။
၎။သောက်ဆေးအနေနဲ့ fluconazole(သို့) itraconazole နေ့စဉ်သောက်ပါ။ သောက်စမှာ itraconazole 100mg တနေ့ နှစ်ကြိမ် ၁လ သောက်ပါ။ ဒုတိယနဲ့ တတိယလမှာ itraconazole 100mg တနေ့ တကြိမ် နေ့စဉ်သောက်ပါ။ လေးလမြောက်ကနေ ခြောက်လထိကို တရက်ခြားတခါ ဆေးဆက်သောက်ပါ။သောက်ဆေးကို နေ့စဉ် အချိန်မှန်သောက်ပါ။
၅။အယားပျောက်ဆေး တမျိုးမျိုးထည့်သောက်ပါ။ ကောင်းတာက fexofenadine 120mg တနေ့ ၁ကြိမ်သောက်ပါ။ အရမ်းယားနေရင် တနေ့ ၂ကြိမ်သောက်နိုင်တယ်။ 
၆။ယားတဲ့နေရာကို calamine+zinc oxide lotion လိမ်းပေးပါ။ cabana(သို့)caladry လိမ်းဆေး နာမည်နဲ့ လာပါမယ်။ ကုတ်ချင်တဲ့စိတ်ကိုဖျောက်ထားပြီး ယားတဲ့အခါတိုင်း ဆေးလိမ်းပေးပါ။
၇။ဗီတာမင် အေ၊စီ၊အီး၊ဇင့်၊ခရိုမီယမ်ပါတဲ့ အားဆေးမျိုးရွေးသောက်ပါ။ vitalene(သို့)Antoxyl forte ကြိုက်နှစ်သက်ရာသောက်နိုင်တယ်။ digestal အားဆေးမှာ အယားပျောက်တဲ့ cyproheptadine ဆိုတာပါတယ်။ တနေ့ ၁ကြိမ် သောက်ပါ။
၈။ပွေးယားနာ တွေက သေချာကုသရင် သက်သာပျောက်ကင်းပါတယ်။  စောစောကုရင် စောစောပျောက်မှာ သေချာတယ်။လိုအပ်ရင် ဆရာဝန်နဲ့ သေချာပြပြီး ကုသသင့်တယ်။ ရေရှည်သောက်ရတာဖြစ်လို့ ဆေးသောက်မပျင်းဖို့ကတော့ အဓိက အရေးကြီးဆုံးပဲ ဖြစ်လိမ့်မယ်။ 

ဒေါက်တာ အေးမင်းထူး
၁၀.၇.၁၄

No comments:

Post a Comment