Saturday, July 5, 2014

ဟိုနေရာက ထွက်လာတဲ့ အဖုလေးများ


ဆရာ ကျွန်​​တော်​ကအသက်​၂၀ပါ ကျွန်​​တော့ လိင်​အင်​ဂါမှာ ၀က်​ခြံလို အဆံ​လေး​တွေ ​​နေရာနှံနီးပါး ပေါက်​လာပါတယ် ဘယ်​လိုကုရမှာလဲအကြံ​​လေးတစ်​ချက်​​လေက်​ပြုပါ။

ပုံမှာတွေ့တာပြောရရင် ဝက်ခြံမဟုတ်ပါဘူး။ ဒီပြဿနာက အမျိုးသားတွေမှာ တွေ့ရတယ်။ ဆေးပညာလို pearly penile papule(PPP) လို့ခေါ်တယ်။ ပြဿနာလို့ ပြောရတာက ရောဂါမဟုတ်လို့ပါ။ အသက် ၂၀-၄၀ကြား အမျိုးသားတွေရဲ့ ၂၀ရာခိုင်နှုန်းမှာ ဒီလိုအဖုလေးတွေ ပေါက်တတ်တယ်။ လူကို ဒုက္ခပေးတဲ့ ရောဂါမဟုတ်ပေမယ့် စိတ်ကို ဒုက္ခပေးတယ်။ ဘာ့ကြောင့် ဖြစ်လဲ ပူပန်စေတယ်။ ဆရာဝန်တွေ ကိုယ်တိုင်လည်း ဘာ့ကြောင့်
ဖြစ်စေလဲ သေချာမသိဘူး။ တချို့က မျိုးရိုးကြောင့်၊တချို့က ချွေးဂလင်းပိတ်လို့ ဖြစ်နိုင်တယ်လို့ ဆိုတယ်။ သိတာတွေက ဘာလက္ခဏာမှ မခံစားရဘူး။ကူးစက်ရောဂါလည်း မဟုတ်ဘူး။ ကင်ဆာဆိုတာလည်း မဖြစ်စေဘူး။ 
အမှန်က ကုသဖို့ မလိုအပ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လူကိုဒုက္ခမပေးလို့ပါ။ အလားတူ ကုသနည်းတော့ သိပ်များများစားစား မရှိဘူး။ သေချာပေါက် ပျောက်စေမယ့်နည်းက အရေပြားဆရာဝန်ဆီသွားပြီး လေဆာနည်းနဲ ကုရတာပါ။ ဖြစ်တဲ့နေရာကို ထုံဆေးလိမ်းပြီး CO2 laserနည်းကို အသုံးပြုပြီးကုတယ်။ အများစုဟာ နှစ်ပတ်အတွင်း သက်သာလာတယ်။ ဒါပေမယ့် ပျောက်ပြီးရင် ပြန်ဖြစ်တော့ဘူးလို့ သေချာပေါက်မပြောနိုင်ပြန်ဘူး။ ဘေးထွက်ဆိုးကျိုး အာရုံခံစားမှုလျှော့သွားတာ ဖြစ်နိုင်တယ်။ 

အိမ်သုံးနည်းဆိုတာတွေလည်း ရှိတယ်။ ကိုယ်တိုင်မစမ်းသပ်ဘူးသလို ပျောက်ကင်းတဲ့ သက်သေတွေတော့လည်း မရှိဘူး။ တချို့ကတော့ စမ်းကြည့်ကြတယ်။ ဖြစ်တဲ့အဖုနေရာကို ပျော့ပျောင်းသွားစေတယ်။အပင်ကရတဲ့ အဆီ Tea tree oil (သို့) Castor oil(သို့)Eucalyptus oil(သို့) Peppermint oil(သို့) Olive oil ကြိုက်နှစ်သက်ရာအဆီကို သုံးပြီး လိမ်းကြည့်ပါ။ မလိမ်းခင် ဖြစ်တဲ့နေရာကို ရေဆေးပြီး ခြောက်သွေ့အောင် ထားပါ။ လိမ်းတဲ့အခါ ဂွမ်းစကို သုံးပြီး နည်းနည်းချင်းစလိမ်းသင့်တယ်။ ပူ၊စပ်၊ယားယံ မရှိရင် ဆက်သုံးလို့ရပါပြီ။ တနေ့ သုံးကြိမ် နာရီဝက်စီ စမ်းသုံးကြည့်ပါ။ ၂-၄ပတ်ကြာတဲ့အခါ ထူးခြားမှုမရှိရင် တခြားနည်းပြောင်းပါ။ တခြား AHA - Alpha hydroxyl acidAccutane,Iodine Tincture 2%,Trtonin cream0.25% စတာတွေ ထဲက ကြိုက်နှစ်သက်ရာဝယ်ပြီ သုံးနိုင်တယ်။ မြန်မာနိုင်ငံမှာ ဝယ်ဖို့တော့ သိပ်မလွယ်ကူပါ။ သဘာဝနည်း ပျားရည်နဲ့ ရှောက်ရည်ရောလိမ်းဆိုတာလည်း တွေ့ရတယ်။ သွားတိုက်ဆေးလည်း လိမ်းကြည့်ကြတယ်။ အထက်ပါ ဆေးနည်းတွေဟာ အလွယ်သုံးတဲ့ အိမ်သုံးနည်းတွေ ဖြစ်ကြတယ်။ သို့သော် အကောင်းဆုံးကို အကြံပြုရရင် ပြဿနာကြီးကြီးမားမား မဖြစ်နိုင်လို့ ဒီတိုင်းထားတာ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၃.၇.၁၄

No comments:

Post a Comment