Thursday, June 6, 2013

လိုက်နာရှောင်ကြဉ် ပွေးကင်းစင်

အရင်အပတ်က ဝဲအကြောင်း ဆွေးနွေးခဲ့ပြီဆိုတော့ ဒီအပတ်ပွေးအကြောင်း ဆက်လက်သွားကြတာပေါ့။ ပွေးနဲ့ဝဲ တူညီမှုမရှိကြောင်း ပြောပြခဲ့ပြီးပါပြီ။ပွေးဆိုတာလည်း အဖြစ်အများဆုံး အရေပြားရောဂါတွေအနက် တခုဖြစ်ပါတယ်။

ပွေးဆိုတာ ဘာ့ကြောင့်ဖြစ်လဲ။
ပွေးကို အင်္ဂလိပ်လို ringwormလို့ ခေါ်ပါတယ်။အမှန်စင်စစ် fungusမှိုပိုးတစ်မျိုးကြောင့် ဖြစ်စေပါတယ်။ ဘယ်လိုမှိုအမျိုးအစားတွေလဲဆိုတော့ microsporum,epidermophyton,trichophytonအစရှိတဲ့ မှိုပိုးတွေကြောင့်ပါ။ သေဆုံးနေတဲ့ အရေပြားဆဲလ်တွေပေါ်မှာ ရှင်သန်နေထိုင်တတ်ကြတယ်။ ringwormကိုဆေးပညာအခေါ်အဝေါ်အရ tineaလို့ ခေါ်ပါတယ်။ လက်တင်ဘာသာက ဆင်းသက်လာတယ်။ "ကြီးထွားရှင်သန်နေသော တုပ်ကောင်"လို့ အဓိပ္ပါယ်ရတယ်။ ယခင်က worm ကြောင့်ဖြစ်တယ် ထင်ခဲ့တဲ့အတွက် ringwormဆိုပြီး ယနေ့ထက်တိုင် အမည်တွင်နေတာ ဖြစ်ပါတယ်။ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး အမျိုးမျိုးခေါ်ဆိုကြတယ်။
ဦးရေပြားမှာဖြစ်ရင် Tinea capitis၊ ခန္ဓာကိုယ်ပေါ်ဖြစ်ရင် Tinea corporis အစရှိသဖြင့် ခေါ်ကြပါတယ်။ အဲဒီတော့ Tineaဆိုတာ ရောဂါပိုးကို ဆိုလိုတာ မဟုတ်ဘဲ ringwormရဲ့ အမည်ကွဲတစ်ခုဆိုတာ သိရှိလောက်ပါပြီ ထင်ပါတယ်။

ပွေးရောဂါ ဘယ်လို ပျံ့နှံ့ကူးစက်လဲ။
ပွေးရှိသူရဲ့ အသားအရေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုမှ ကူးစက်တတ်ပါတယ်။ အဝတ်အစား၊အသုံးအဆောင်(ဘီး၊လက်ကိုင်ပဝါ) အစရှိသဖြင့် မျှဝေသုံးစွဲသူတွေ ကူးစက်တတ်ပါတယ်။ ခုခံအားကျဆင်းနေသူ၊စိတ်ဓာတ်ကျဆင်းတတ်သူတွေမှာ အဖြစ်များပါတယ်။ ခြေအိတ်ကို လဲလှယ်ခြင်းမရှိဘဲ အချိန်ကြာသုံးစွဲတတ်သူတွေ သတိထားသင့်ပါတယ်။ ရေကူးကန်တွေကတဆင့်လည်း ကူးစက်နိုင်တယ်။ ခွေး၊ကြောင် အစရှိတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကတဆင့်လည်း ကူးစက်တတ်လို့ သတိထားသင့်တယ်။

ပွေး(ringworm)ရဲ့ လက္ခဏာတွေက ဘာလဲ။
ပွေးဖြစ်ရင် ခန္ဓာကိုယ်မှာ အနီရောင်ကွင်း အဝိုင်းငယ်လေးတွေ ဖြစ်တတ်ပါတယ်။ အလယ်မှာရှိတဲ့ စက်ဝိုင်းပုံအကွက်ငယ်က သာမန်ထက် အရောင်ဖျော့ချင် ဖျော့နေတတ်တယ်။ အပြင်က အနီကွင်းလေးက သာမန်ထက် ဖောင်းပြီးကြွနေတတ်တယ်။ ခန္ဓာကိုယ်ပေါ် လက်စွပ်အနီကွင်း တင်ထားတာနဲ့ ပုံစံတူတယ်။ အတိုင်းတာအားဖြင့် နှစ်လက်မ မပြည့်ဘဲ သီးခြားစီ(သို့) အစုလိုက် ရှိနေတတ်တယ်။ အလွန်ယားယံတဲ့အတွက် ကုတ်မိတတ်ကြတယ်။ ကုတ်လိုက်မှ အယားပြေပြီး နေသာထိုင်သာရှိတယ်။ ဒါပေမယ့် ကုတ်လေ ယားလေ၊ကုတ်လေ ပြန့်လေဘဲ။ ဘာလို့လဲဆိုတော့ ကုတ်မိတဲ့အခါ လက်သည်းကြားထဲပိုးဝင်၊ တခြားနေရာဆက်ကုတ်မိတဲ့အခါ ပိုးကပြန့်ပြီး တဖြည်းဖြည်း ပွားလာတယ်။နွေရာသီလို ပူပြင်းတဲ့ရာသီတွေမှာ ပိုမိုဖြစ်တတ်တယ်။ တခါတရံ အကုတ်လွန်တဲ့အခါ အရေပြားလန်၊ ထပ်ဆင့်ပိုးဝင်တာမျိုး ဖြစ်တတ်တယ်။ အနားစွန်းလေးတွေမှာ အရေခွံလန်ရင် အဖြူဖတ်လေးတွေ တွေ့ရတတ်ပါတယ်။ ပြည်ဖုသေးလေးတွေအနေနဲ့လဲ တွေ့ရတတ်ပြန်တယ်။

ပွေးဆိုတာမျိုးက လူမျိုးဘာသာ၊အသက်အရွယ်၊ကျားမ မရွေး ဖြစ်တတ်တယ်။ အားကစားသမားတွေမှာ ပိုအဖြစ်များတယ်။ အသားအရေထိတွေ့ဆက်ဆံရတဲ့ နပမ်းသမားတွေလည်း ဒီရောဂါနဲ့မကင်းလှဘူး။ အကယ်၍ အဆိုပါသူတွေမှာ ဖြစ်ခဲ့ရင် ရောဂါပျောက်တဲ့အထိ အနားယူကုသပြီးမှ ဆက်လက်ကစားခွင့်ပေးတယ်။ ရေကူးကန်မှာ မကြာခဏရေကူးတတ်သူတွေနဲ့ အသုံးအဆောင်ပစ္စည်း(အောက်ခံဘောင်းဘီ၊တဘက်) မျှဝေသုံးစွဲသူတွေ အဖြစ်များလို့ ဂရုစိုက်စေချင်ပါတယ်။

ပွေး၊ယားနာဆိုတာ ဘယ်နေရာတွေမှာ အဖြစ်များလဲ။
ခန္ဓာကိုယ်တစ်ခုလုံး နေရာမရွေးဖြစ်တတ်တယ်ဆိုပေမယ့် ပူနွေးစိုစွတ်တဲ့ နေရာတွေမှာ အဖြစ်များတယ်။ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး အခေါ်အဝေါ်တွေ ပြောင်းလဲသွားကြပါတယ်။ ဦးရေပြားမှာ ပွေးပေါက်ရင် Tinea capitisတဲ့။ ကလေးတွေမှာ အဖြစ်များသလို တချို့က "ဒက်ပေါက်တယ်"လို့  စတတ်ကြတယ်။ မျက်နှာပေါ်မှာ ဖြစ်ရင် Tinea faciei လို့ခေါ်ပါတယ်။ မုတ်ဆိတ်ရိတ်တဲ့နေရာတွေမှာ ဖြစ်ရင် Tinea barbae၊ ရင်ဘတ် ဗိုက်စတဲ့နေရာတွေမှာ ဖြစ်ရင် Tinea corporis၊ လက်ချောင်းတွေကြားဖြစ်ရင် Tinea manus၊ ပေါင်ခြံ၊ဂွကြားတွေမှာဖြစ်ရင် Tinea cruris၊ ခြေထောက်(သို့) ခြေချောင်းတွေကြားဖြစ်ရင် Tinea pedis၊ ခြေသည်း လက်သည်းတွေမှာဖြစ်ရင် Tinea ungium စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။ ဒါပေမယ့် အခေါ်အဝေါ်က အရေးမကြီးလှပါဘူး။ ပွေးဟုတ်၊မဟုတ် သိဖို့သာ လိုအပ်တာပါ။ အခေါ်အဝေါ်တွေဘယ်လိုပဲကွဲကွဲ မှိုပိုးကြောင့် ဖြစ်လို့ မှိုပိုးသတ်ဆေး ပေးပြီး ကုသကြပါတယ်။ 

ဖြစ်တဲ့နေရာပေါ်လိုက်ပြီး လက္ခဏာတွေ ကွဲပြားတတ်ပါတယ်။ ဥပမာအားဖြင့် မျက်နှာမှာဖြစ်ရင် ကွင်းပုံသိပ်မပေါ်တော့ဘဲ လတစ်ခြမ်းပဲ့ ပုံစံ မထင်မရှား ရှိတတ်တယ်။ဦးရေပြားမှာ ပွေးပေါက်ရင် အကွက်လိုက် ဖြစ်တတ်တယ်။ လက်သည်း၊ခြေသည်းတွေမှာ ဖြစ်ရင် ခြောက်ကပ်ကပ်နဲ့ ထူလပြစ်ကြီးတွေ့ရသလို အရောင်အဆင်းကင်းမဲ့တယ်။ ခြေချောင်းတွေမှာ ဖြစ်တဲ့ Tinea pedisကို အားကစားသမားတွေမှာ အတွေ့များလို့ "Athlete's foot"လို့လည်း ခေါ်ကြတယ်။

ပွေးဖြစ်ရင် ဘယ်လိုကုသကြသလဲ။
မှိုပိုးသတ်နိုင်တဲ့လိမ်းဆေးတွေနဲ့ ကုသကြပါတယ်။ miconazole 2%, clotrimazole 1%, terbinafine 1% အစရှိတဲ့ လိမ်းဆေးတွေ လိမ်းပေးနိုင်တယ်။ တစ်ရက် နှစ်ကြိမ်နှုန်းနဲ့ အနည်းဆုံးနှစ်ပတ်ကြာအောင် လိမ်းပေးရတယ်။ တခါတရံ ဒီထက်ပိုကြာအောင် လိမ်းပေးရတတ်တယ်။  ရောဂါတုံ့ပြန်မှုပေါ်မူတည်ပြီး ဆေးပေးရပါတယ်။ လိမ်းတဲ့အခါ သေချာသန့်စင်ထားတဲ့ ဂွမ်းမျိုးသုံးပြီး လိမ်းပေးသင့်တယ်။ ဦးရေပြား၊လက်သည်း၊ခြေသည်းတွေမှာဖြစ်ရင် သောက်ဆေးပေးဖို့ လိုအပ်ပါတယ်။ ketoconazole,itraconazole,fluconazole စသည်ဖြင့် သောက်ဆေးအမျိုးမျိုးရှိကြတယ်။ သောက်ဆေးပေးတဲ့အခါ အနည်းဆုံး သုံးလပေးဖို့ လိုအပ်တယ်။ ခြောက်လထိ သောက်ရတာမျိုးလဲ ရှိတတ်တယ်။ အရင်က griseofulvin ဆိုတဲ့ ဆေးတွေအသုံးများခဲ့ကြတယ်။ နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးများတဲ့အတွက် အသုံးပြုမှုနည်းသွားတယ်။ ဒီအရင် အစောပိုင်းကာလတွေက mercury,sulfur,iodine စတာတွေကို အသုံးပြုခဲ့ဖူးတယ်။ ၁၉ရာစု နှောင်းပိုင်းလောက်ထိ သုံးစွဲခဲ့တယ်ဆိုပေမယ့် ဒီနေ့ခေတ်မှာ အသုံးမပြုကြတော့ပါ။ ပွေးပေါက်တယ်ဆိုရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ကုသခြင်းကသာ အကောင်းဆုံးပါ။ 

ပွေး၊ယားနာတွေ ကုသတဲ့အခါ တချို့သော သဘာဝဆေးဖက်ဝင် အပင်တွေကလည်း  အကျိုးရှိတတ်ကြပါတယ်။
-ထပ်တရာပန်းနဲ့ လက်ဖက်ညွန့်ဟာ မှိုပိုးနိုင်စေတဲ့ အစွမ်းရှိပါတယ်။
-ရှားစောင်းလက်ပတ်ပင်အနှစ်၊ သစ်စေးအခေါက်၊ မုန့်ညှင်းနက်စေ့ အနှစ်တို့ဟာ မှိုပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေမှာ အသုံးပြုနိုင်တယ်။
-တချို့က သဘောင်္သီးကို အသုံးပြုတတ်ကြတယ်။
-ခါကြက်ဥအနှစ်ကို အရည်ဖျော်သောက်ခြင်းက အကျိုးများစေမယ် ဆိုသူက ဆိုတယ်။
-ဘယ်လိုဆိုဆို လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်သောက်သုံးခြင်းက ပွေးကုသရာမှာ အကျိုးများတာတော့ အမှန်ပါ။

မကူးစက်အောင် ဘယ်လိုကာကွယ်မလဲ။
ခြောက်သွေ့သန့်ရှင်းအောင်ထားခြင်းဖြင့် ရောဂါပိုးမပြန့်ပွားအောင် ကာကွယ်နိုင်ပါတယ်။ ပွေးပေါက်တဲ့အခါ အလွန်ယားတဲ့အတွက် ကုတ်တတ်ကြပါတယ်။ ဒီလိုကုတ်ခြင်းဟာ ရောဂါပျံ့နှံ့အောင် အားပေးတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။ ခြေသည်း၊လက်သည်းတွေ သေချာလှီးဖြတ်ထားသင့်တယ်။ အဝတ်အစား၊ အသုံးအဆောင်တွေ မျှဝေသုံးစွဲတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ မိမိဝတ်ဆင်တဲ့ အတွင်းခံဘောင်းဘီတွေကို တစ်ရက်တစ်ခါ လဲလှယ်ပေးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ အဝတ်လျှော်တဲ့အခါ ဆပ်ပြာ၊ ရေနွေး စတာတွေနဲ့ လျှော်ဖွတ်ခြင်းက ကောင်းတဲ့အလေ့အကျင့်ပါ။ ပေါ့ပေါ့ပါးပါး၊ လေဝင်လေထွက်ကောင်းမွန်တဲ့ ချည်သားတွေ ဝတ်ဆင်သင့်တယ်။ တကိုယ်ရေသန့်ရှင်းရေးအတွက် shower၊shampoo စတာတွေ သုံးစွဲပေးပါ။အိမ်မွေးတိရိစ္ဆာန်တွေမှာ ပွေးဖြစ်တဲ့အခါ သောက်ဆေး တစ်ပတ် နှစ်ကြိမ်ကို တစ်လခန့်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။

မှတ်သားရန်အချက်များ
-ပွေးပေါက်တယ်ဆိုတာ ရှက်စရာရောဂါမျိုး မဟုတ်ပါ။
-လူ၅ယောက်မှာ ၁ယောက်ဟာ ပွေးဖြစ်ခဲ့ဖူးပါတယ်။ သင်တစ်ယောက်ထဲ မဟုတ်ပါ။
-ပူပြင်းတဲ့ ရာသီ(အထူးသဖြင့် နွေရာသီ)မှာ ပိုမိုအဖြစ်များတယ်။
-မိမိဘာသာ ရမ်းသမ်းကုသခြင်းဟာ တခါတရံ ရောဂါပိုမိုပျံ့ပွားစေနိုင်လို့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာကုသစေချင်ပါတယ်။
-စနစ်တကျ ကုသမှုခံယူရင် တစ်လအတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ စာရေးသူရေးစပ်ထားတဲ့ ကဗျာလေးကို လိုက်နာကျင့်သုံးရင်း ပွေးရောဂါမှ ကင်းဝေးစေရန် ဆုမွန်ကောင်းတောင်းလျက်...............

"ခြောက်သွေ့သန့်ရှင်း ရောဂါကင်း
ကုတ်လေ၊ယားလေ ပိုဆိုးပေ
လဲလှယ်ဝတ်ဆင် ခြေအိတ်အပြင်
အင်္ကျီလဲပါ လျှော်ဖွတ်ပါ
ဆပ်ပြာ၊ရေနွေး မှန်မှန်ဆေး
ကာကွယ်ရေးတွက် တို့အားပေး
ဖြစ်တဲ့နေရာ လိမ်းတဲ့အခါ
ပျောက်ကင်းသက်သာ နှစ်ပတ်မှာ
လိုလျှင်သောက်ဆေး သုံးလပေး
ပွေးရောဂါမှ ကင်းဝေးရေး"


ဒေါက်တာ အေးမင်းထူး
Health Care Journal(2.3.12)


9 comments:

  1. ကျေးဇူးပါ ဆရာ

    ReplyDelete
  2. ဆရာ ဆေးနာမည်လေးတွေရေးပေးရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။

    ReplyDelete
  3. ဆေးနာမည်မရေးတာက ပိုရှုပ်သွားမှာစိုးလို့ပါ။ ဆေးဆိုင်မှာ ဒီအတိုင်းမေးပြီး ဝယ်ယူလို့ရပါတယ်။

    ReplyDelete
  4. ကျေဇူးပါဆရာ ဘာဆေးလိမ်းရမှန်းမသိလို့ဆေးနာမည်လေးပေးပါလာဆရာ

    ReplyDelete
    Replies
    1. Ketoconazole cream(ketoz,ketovid,ketozole,nizoral,nitozol cream)
      Terbinafine cream(terbex,fitneal cream)
      Miconazole cream(axcel miconazole cream,micozole)
      Clotrimazole cream(statum,clotri-Denk,skan-did)

      Delete
  5. သောက်ဆေးနမည်လေးရေးပေးပါဆရာ

    ReplyDelete
  6. Křesofulvin ၅ ရက်​​လောက်​​သောက်​ယင်​ တလ ​လောက်​သက်​သာပြီးပြန်​ယား ပါတယ်​ မျက်​နာမှာ​ပေါက်​တာပါ​ဆေးလိမ်းတာလဲစုံပါပြီ အကြံ​ပေးပါဆရာရယ်

    ReplyDelete
  7. မျက်​နာမှာ​ပေါက်​တာ ​ဆေး​သောက်​​ဆေးလိမ်းလဲခဏဘဲသက်​သာတယ်

    ReplyDelete