Sunday, November 24, 2013

ကယ်လိုရီနဲ့ အင်နာဂျီ

ကယ်လိုရီ(calories)ဆိုတာ အစားအသောက်တွေရဲ့ စွမ်းအင်(energy)တန်ဖိုးဖြစ်ပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့စွမ်းအင်တန်ဖိုးကို ကယ်လိုရီ(Calories)နဲ့ တွက်ချက်ကြတယ်။ နိုင်ငံခြားကလာတဲ့ စားသောက်ကုန်ပစ္စည်းတွေမှာ ကယ်လိုရီတန်ဖိုးတွေ ထည့်သွင်းကြတယ်။  ဆေးတော်တော်များများမှာ လူတယောက် နေ့စဉ်လိုအပ်တဲ့ပမာဏကို ၂၀၀၀ကယ်လိုရီပေါ် အခြေခံပြီး တွက်ချက်ကြတယ်။ အစားအသောက်ထုပ်ပိုးမှုအချို့မှာ အလေးချိန်ဂရမ်ပေါ်မူတည်ပြီး ကယ်လိုရီဘယ်လောက်ပါဝင်လဲ သိရှိနိုင်တယ်။ စားသောက်ကုန်ပစ္စည်းအများစုမှာ ကယ်လိုရီဆိုတာ မပါမဖြစ်စကားလုံးဖြစ်လာတယ်။ အဝလွန်သူ၊ပိန်ချင်သူတွေပေါများတဲ့ ဒီနေ့ခေတ်ကာလမှာ ကယ်လိုရီနည်းတာတွေက ပေါ်ပြူလာဖြစ်ပြီး ခေတ်စားလာတယ်။  ကယ်လိုရီနည်းမှ လူရာဝင်တယ်၊ပိန်တယ် ဖြစ်လာတယ်။ ဒါ့ကြောင့် ကယ်လိုရီအကြောင်း ပိုမိုသိဖို့ လိုအပ်လာပါတယ်။

ကယ်လိုရီ ဘယ်ကလာလဲ
ကယ်လိုရီဆိုတာ လက်တင်ဘာသာစကား "calor"ကနေ ဆင်းသက်လာတယ်။ အဓိပ္ပါယ်က "heat"အပူတဲ့။ ၁၈၂၄ခုနှစ်မှာ Nicolas Clément ဆိုသူက ကယ်လိုရီကို အပူစွမ်းအင်ရဲ့ ယူနစ်တခုအဖြစ် စတင်သတ်မှတ်ခဲ့တယ်။နောက်ပိုင်းစားစရာပစ္စည်းတွေမှာ ကယ်လိုရီကိန်းဂဏာန်းတွေ ထည့်သွင်းလာကြတယ်။ အစားအသောက်တန်ဖိုးတွေကို တွက်ချက်တဲ့အခါ ကယ်လိုရီနဲ့ပဲ တွက်ချက်တယ်။ အစားအသောက်မဟုတ်တဲ့ တခြားစွမ်းအင်တွေကို joulesနဲ့ တွက်ချက်ပါတယ်။ တနည်းအားဖြင့် ရူပဗေဒသဘော အလင်းစွမ်းအင်၊အသံစွမ်းအင်တွေမှာ joulesနဲ့ တွက်ချက်ကြတယ်။ နှစ်မျိုးလုံးဟာ စွမ်းအင်ရဲ့ တန်ဖိုးသတ်မှတ်ချက်တွေ ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် အကွာအဝေးတခုကို သတ်မှတ်တဲ့အခါ မိုင်နဲ့ ကီလိုမီတာ ကွာခြားသလိုမျိုးပါပဲ။ ကယ်လိုရီသဘောက ရေတစ်ဂရမ်ကို တစ်ဒီဂရီအပူချိန်မြှင့်တက်လာအောင် သုံးစွဲရတဲ့ စွမ်းအင်ပမာဏ ဖြစ်ပါတယ်။ သီအိုရီအရ တစ်ကယ်လိုရီ(1cal)မှာ 4.2joulesရှိပါတယ်။ 

အာဟာရတန်ဖိုးကယ်လိုရီ ဆိုတာ
နိုင်ငံခြားကဝင်လာတဲ့ အစားအသောက်၊ကုန်ပစ္စည်းတွေမှာ ကယ်လိုရီတန်ဖိုးတွေ ပါဝင်တတ်ကြပါတယ်။ nutritional foodစားသောက်ကုန်ပစ္စည်းတွေမှာ kcalကို အလွယ်တကူပဲ Caloriesလို့ ခေါ်ကြပါတယ်။ စားသောက်ကုန်တွေထဲမှာ ပါဝင်တဲ့ အာဟာရတန်ဖိုး ကယ်လိုရီ(cal)ဆိုတာ ကီလိုကယ်လိုရီ(kcal)ကို ဆိုလိုပါတယ်။  တနည်းအားဖြင့် large caloriesနဲ့ တွက်ချက်တဲ့သဘော ဖြစ်ပါတယ်။ တကယ့်ကယ်လိုရီနဲ့တွက်ရင် 1000calories(1kcal) ရှိပါတယ်။ အာဟာရတန်ဖိုး Caloriesရဲ့ ရှေ့စာလုံး"C"ကို အကြီးနဲ့ရေးတတ်ကြတယ်။ ပိုရှင်းအာင်ပြောရရင် စားသောက်ကုန်တွေမှာ ပါတဲ့ 1Calorieဆိုတာ 1kcal(သို့)1000calories(သို့)large calorie ပဲ ဖြစ်ပါတယ်။ 

ကယ်လိုရီသုံးလို့ စွမ်းအင်ကိုထုတ်
ခန္ဓာကိုယ်က အလုပ်တခုလုပ်ဖို့ စွမ်းအင်လိုအပ်ပါတယ်။လိုအပ်တဲ့ စွမ်းအင်တွေကို  အစာအာဟာရတွေကနေ ရရှိတယ်။ လူ့ခန္ဓာကိုယ်က လိုတာကို သုံးပြီး ပိုတာကို စုဆောင်းတယ်။ စုဆောင်းတဲ့အခါ အဆီအဖြစ် စုဆောင်းကြတယ်။ ဒါ့ကြောင့် စွမ်းအင်ပမာဏများတဲ့ ကယ်လိုရီတွေကို မသုံးစွဲနိုင်ရင် ခန္ဓာကိုယ်မှာ အဆီပိုတွေစုလာတယ်။ ဥပမာအားဖြင့် သာမန်တယောက်ဟာ ယေဘုယျအားဖြင့် နေ့စဉ်ကယ်လိုရီ ၂၀၀၀လောက် ပုံမှန်လိုအပ်ပါတယ်။ လူတယောက်ဟာ မနက်စာ ၅၀၀ကယ်လိုရီ၊နေ့လယ်စာ ၁၀၀၀ကယ်လိုရီ၊ညစာ ၈၀၀ကယ်လိုရီ နေ့စဉ်စားတယ် ဆိုကြပါစို့။ စုစုပေါင်းကြည့်ရင် တနေ့လိုအပ်ချက် ကယ်လိုရီ၂၀၀၀ထက် ၃၀၀လောက်ပိုနေတာတွေ့ရပါလိမ့်မယ်။ ပိုနေတဲ့ကယ်လိုရီတွေကို အသုံးမချနိုင်ရင် ခန္ဓာကိုယ်က အဆီပိုတွေအဖြစ် သိမ်းဆည်းပါလိမ့်မယ်။ တွက်ချက်မှုတွေအရ အဆီတပေါင်မှာ ၃၅၀၀ကယ်လိုရီ ရှိပါတယ်။တနည်းအားဖြင့် ကယ်လိုရီ ၃၅၀၀ပိုတိုင်း အလေးချိန်တပေါင်စီ တက်နေမှာဖြစ်ပါတယ်။ အထက်ပါအတိုင်း နေ့စဉ်ကယ်လိုရီ ၃၀၀ ပိုနေတဲ့အခါ ၁၂ရက်မြောက်မှာ တစ်ပေါင်တက်နေပါမယ်။ အဆီပိုတွေစုတိုင်း အဝလွန်တာမျိုး၊သွေးကြောကျဉ်းတာမျိုးဖြစ်နိုင်လို့ ကျန်းမာရေးရှူထောင့်အရ မကောင်းပါဘူး။ ဒါ့ကြောင့် လှုပ်ရှားတာ၊လမ်းလျှောက်တာမျိုး လုပ်သင့်တယ်။

            တွက်ချက်မှုတွေအရ နေ့စဉ် ၁မိုင်လမ်းလျှောက်နိုင်ရင် ကယ်လိုရီ၁၀၀ လောင်ကျွမ်းတယ်။ ဒါ့ကြောင့် ပိုလျှံနေတဲ့ ကယ်လိုရီ ၃၀၀ဆုံးရှုံးဖို့ ၃မိုင်လောက် လမ်းလျှောက်သင့်တယ်။ ပိန်ချင်၊ဝိတ်ကျချင်တဲ့အခါ ဖြည့်တင်းတာထက် လှုပ်ရှားမှုပိုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် အစားလျှော့စားဖို့ လိုအပ်ပါသေးတယ်။ ထမင်းတစ်ပန်းကန်မှာ ကယ်လိုရီ ၂၀၀လောက် ပါဝင်ပါတယ်။အသင့်စားခေါက်ဆွဲပြုတ်တထုပ်မှာ ကယ်လိုရီ ၁၅၀-၂၅၀ထိ ပါဝင်ကြတယ်။ ကြက်သားဟင်းတခွက်မှာ ၃၀၀ကယ်လိုရီလောက် ပါဝင်တာ တွေ့ရတယ်။ ဒါ့ကြောင့် ထမင်းတစ်ပန်းကန် ပိုစားတိုင်း ၂မိုင်လောက် လမ်းပိုလျှောက်ဖို့၊လှုပ်ရှားဖို့ လိုအပ်လာပါတယ်။ ဒီအချက်ကိုကြည့်ပြီး ကျန်းမာချင်တယ်ဆိုရင် သုံးစွဲတဲ့ အင်နာဂျီနဲ့ ဖြည့်တင်းတဲ့ကယ်လိုရီ အချိုးညီဖို့လိုတာ သိရှိနိုင်ပါတယ်။ နောက်တပတ်မှာ အစားအစာနဲ့ ပါဝင်တဲ့ကယ်လိုရီပမာဏ တွက်ချက်ပုံကို ဆက်လက်ဖော်ပြပေးပါမယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၄.၁၁.၁၃)

2 comments:

  1. ဆရာ.။ ကျနော် ADHD ခံစားနေရတဲ့ ကျောင်းသားတယောက်ပါ။. စာမကျက်နိုင်လို့ ပညာရေးထိခိုက်နေပါတယ်။ meditation နဲ့ ငါးကြီးဆီ သောက်ခြင်း လုပ်ပါတယ်။ ပျောက်အောင် သို့မဟုတ် သာမန်လူတွေလို နေနိုင်အောင် ဘယ်လိုကုသနိုင်ပါသလဲခင်ဗျာ

    ReplyDelete
    Replies
    1. တယောက်နဲ့တယောက်ခံစားရပုံချင်း မတူကြပါဘူး။မွေးရာပါရောဂါတွေက ပျောက်အောင်လုပ်ဖို့ ခက်ခဲပါတယ်။ ရောဂါသက်သာရုံလောက်သာ ကျွန်တော်တို့ တတ်နိုင်ပါတယ်။ ဆရာဝန်ပေးထားတဲ့ဆေးတွေ ပုံမှန်သောက်ပါ။စိတ်အားပေးရတယ်။ ပတ်ဝန်းကျင်ကလူတွေလည်း နားလည်ပေးဖို့လိုပါတယ်။ တရက်က အသက်၇နှစ်အရွယ်ကလေးတယောက် ဆေးခန်းလာပြတယ်။ လူကသာဖျားတာ ခန္ဓာကိုယ်က အငြိမ်မနေဘူး။ အမြဲလှုပ်နေတယ်။ မိဘကတော့ ပုံမှန်ထင်နေတယ်။ ဆေးခန်းလာတဲ့အခါ စကားတစ်ခွန်းတော့ပြောဖြစ်တယ်။ ကလေးကိုစိတ်ချမ်းသာအောင်ထားပါ၊တချို့ကလေးတွေက ဒီလိုပါဘဲပြောဖြစ်တယ်။ ADHAတွေပြောရင် မိဘက စိတ်ညစ်သွားနိုင်တယ်။ကလေးတိုင်းစာမလိုက်နိုင်တာ မဟုတ်ပါဘူး။ တချို့ကလေးတွေဟာ စာလိုက်နိုင်ပါတယ်။

      Delete