ဝဖို့လွယ်ကူသလား
သီအိုရီအရတော့ လွယ်ကူပါတယ်။ တကယ်လုပ်တဲ့အခါ၊ကြိုးစားတဲ့အခါ အခက်အခဲ အနည်းနဲ့ အများတွေ့ကြရတယ်။ သီအိုရီတခုကို အရင် ပြောကြည့်ပါမယ်။ သိပ္ပံနည်းကျ တွက်ချက်မှုတွေအရ အဆီတစ်ပေါင်မှာ စွမ်းအင် ကယ်လိုရီ ၃၅၀၀ရှိပါတယ်။ ဒါ့ကြောင့် အလေးချိန်တပေါင်တက်ချင်တိုင်း ကယ်လိုရီ၃၅၀၀လောက် ပိုစားပေးဖို့လိုအပ်ပါတယ်။ ဥပမာ တနေ့ကို လိုတာထက် ကယ်လိုရီ ၅၀၀ပိုစားတယ် ဆိုကြပါစို့။ တစ်ပတ်ဆိုရင် ကယ်လိုရီ ၃၅၀၀ပိုစားပြီးဖြစ်လို့ ဝိတ်တစ်ပေါင်တက်ပါမယ်။ ဒီအတိုင်းပုံမှန်စားနေရင် ၁လအတွင်း ဝိတ်အလေးချိန် ၄ပေါင်၊တစ်နှစ်ဆိုရင် ၄၈ပေါင်နှုန်းနဲ့တက်နေပါမယ်။ ကီလိုဂရမ်နဲ့တွက်ရင် တစ်နှစ်ကို၂၂ကီလိုလောက် တက်လာပါတယ်။ ဒါဆိုရင် ဝိတ်တက်ဖို့လွယ်လွန်းနေသလား စဉ်းစားစရာပါ။
ပိန်တဲ့ပြဿနာ အဖြေရှာ
သီအိုရီအရ ဝဖို့လွယ်ပေမယ့် လက်တွေ့မှာ အခက်အခဲအချို့ရှိပါတယ်။ လူတွေအဓိက လက်ညှိုးထိုးချင်ကြတာ အစားအသောက်နဲ့ အနေအထိုင်ကိုပါ။ သို့သော် ပိန်တဲ့ပြဿနာက အဲဒီလောက်တော့ မရိုးရှင်းပါဘူး။ မျိုးရိုးကလည်း ဝချင်သူတွေကို ခက်ခဲစေတဲ့ အကြောင်းအချက်တခုပါ။ နောက်တချက်က အသက်အရွယ်ပါ။ အများစုဟာ ငယ်ရွယ်စဉ်မှာ ပိန်ကြသလို ဆယ်ကျော်သက်နောက်ပိုင်းမှာ စတင်ဝလာကြတယ်။ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ပြီး နောက်ပိုင်းမှာ ပိုမိုဝဖြိုးလာကြတယ်။ ဟော်မုန်းအပြောင်းအလဲက ဝစေတဲ့အချက်တွေထဲမှာ တရားခံ ဖြစ်ပါတယ်။ ရောဂါအခံရှိသူအများစုဟာလည်း ပိန်တတ်ကြပြန်တယ်။ ဥပမာ တီဘီလို အဆုတ်ရောဂါတွေက ပိန်သွားစေတယ်။ ဆေးသောက်ပြီးနောက်ပိုင်းမှာ တချို့ဟာ ပြန်ဝလာတယ်။ အသက်ကြီးသူတွေကို ပိန်သွားစေတာက စိတ်ပါ။ စိတ်ခံစားမှုကလည်း အရေးကြီးတယ်။ စိတ်ပျိုကိုယ်နု၊ စိတ်ပျော်နေရင် စားကောင်း၊အိပ်ပျော်မဟုတ်လား။ ဒီလိုအချက်အလက်တွေများစွာရှိလို့ အစားအသောက်၊အနေအထိုင်တင်မက ဘာ့ကြောင့်မဝရတာလဲ အဖြေရှာဖို့လိုအပ်ပါသေးတယ်။
ပိန်တာကျန်းမာရေးအရ ကောင်းလား
တချို့က ပိန်ရင် ရောဂါကင်းတယ်လို့ အလွယ်ပြောဆိုချင်ကြတယ်။ ရောဂါတကယ်ကင်းရင် ပိန်မှာလားဆိုတာ မိမိပတ်ဝန်းကျင်က လူတွေကြည့်လိုက်ရင် အဖြေထွက်လာမှာပါ။ တကယ့်ရောဂါသည်တွေဟာ ရောဂါရင့်လာတာနဲ့အမျှ တဖြည်းဖြည်းပိန်လာကြတယ်။ ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေမှာ PEMခေါ်တဲ့ ပရိုတင်းဓာတ်ချို့တဲ့ရောဂါကြောင့် ခုခံအားလျှော့နည်းပြီး လူပေါင်းများစွာသေကြေပျက်ဆီးနေရတယ်။ ပိန်တိုင်းရောဂါကင်းမှာ မဟုတ်သလို ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိဖို့ လိုအပ်ပါတယ်။ သိပ်ပိန်းလွန်းရင် ဝလာအောင် တနည်းနည်းနဲ့ ကြိုးစားသင့်တယ်။
မဝချင်ပါနဲ့၊ဝိတ်တက်ပါစေ
ဒီအချက်ကို ဘာကြောင့် ထည့်ထားရလဲဆိုတော့ အယူအဆမှားမှာ စိုးလို့ပါ။ ဝချင်တာနဲ့ အယူအဆမှားပြီး အဆီအဆိမ့်တွေ စားမိမှာဆိုးလို့အစကတည်းက ကြိုတင်သတိပေးရတာပါ။ဝတယ်ဆိုတာ ကျန်းမာရေးအရ မကောင်းပါဘူး။ ကျန်းမာရေးအရ အဆီတွေနဲ့ ဝတာဟာ နောက်ပိုင်းကျန်းမာရေးပြဿနာတွေ များလာစေလို့ပါ။ ပိန်နေတဲ့လူတယောက်ဟာ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ဝိတ်တက်လာအောင်သာ ကြိုးစားပေးသင့်တယ်။ ဝိတ်တက်လာတာနဲ့အမျှခုခံအားပါ တက်လာလိမ့်မယ်။ ပုံမှန်ရှိသင့်တဲ့အခြေအနေရောက်ရင် ကိုယ်ခန္ဓာအလေးချိန်ကို ဆက်ထိန်းထားသင့်တယ်။ သိသင့်တဲ့အချက်တခုက တလအတွင်း ၄ကီလိုဂရမ်ထက် ပိုတက်တာဟာ ကျန်းမာရေးအရ မကောင်းပါဘူး။
ကောင်းကောင်းအိပ်လို့ ကောင်းကောင်းစားစို့
ငယ်ရွယ်စဉ်က စာရေးသူလည်း သိပ်ပိန်တာပဲ။ ပိန်တော့ ဝချင်လာတယ်။ ခက်တာက အစာလည်း သိပ်မစားဘူး။ နေ့ပိုင်းအိပ်တာမျိုးလည်း သိပ်မရှိဘူး။ မှတ်မှတ်ရရ ငယ်စဉ်က အလွန်ပိန်တဲ့အတွက် ဖခင်ဖြစ်သူက နေ့လည်နေ့ခင်း အိပ်ဖို့တိုက်တွန်း အားပေးခဲ့ပါတယ်။ အစာစားပြီး အိပ်တဲ့အချက်ဟာ ဝချင်သူတွေအတွက် အရေးကြီးတဲ့အချက်တခုဖြစ်ပါတယ်။ သိပ်ပိန်လွန်းသူတွေကြည့်လိုက်ရင် အအိပ်အနေ နည်းကြတယ်။ ဝချင်သူတွေအဖို့ ဒီအချက်ကို သေချာလိုက်နာသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အိပ်နေစဉ် ဇီဝဖြစ်ပျက်မှုနည်းတာကြောင့် စားလိုက်တဲ့အာဟာရဓာတ်တွေ ပိုလျှံတဲ့ သဘောရှိတယ်။ ပိုလျှံတဲ့အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က သိမ်းဆည်းပေးလို့ ဝိတ်တက်လာစေပါတယ်။
အဓိက လိုအပ်တဲ့ ဓာတ်နှစ်မျိုး
ကျွန်တော်တို့ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့အရာတိုင်းနီးပါးက ပရိုတင်းဓာတ်တွေပါ။ပရိုတင်းဆိုတာ အသားဓာတ်တမျိုးပါပဲ။ ဒါ့ကြောင့်ကြီးထွားဖွံ့ဖြိုးဖို့ ပရိုတင်းဓာတ်လိုအပ်ပါတယ်။ ဝိတ်တက်ချင်တယ်၊ကြီးထွားချင်တယ်ဆိုရင် ပရိုတင်းဓာတ်ကို အဓိကစားပေးရတယ်။ သက်ရှိတိုင်းရဲ့ ဇီဝအုပ်ချပ်ဖြစ်တဲ့ ဆဲလ်တိုင်းက ပရိုတင်းခေါ်တဲ့ အသားဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆံပင်၊အရေပြား၊လက်သည်း၊ခြေသည်းတင်မက ကိုင်တွယ်လို့ရသမျှအရာအားလုံးက အဓိကအားဖြင့် ပရိုတင်းဓာတ်တွေနဲ့ ဖွဲ့စည်းထားလို့ပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဇီဝဖြစ်ပျက်မှုကို ထိန်းချုပ်ထားတဲ့ ဟော်မုန်းတွေ၊ အာရုံခံအဖွဲ့အစည်းတွေ၊ခုခံအားဆိုတာတွေကလည်း ပရိုတင်းတွေပဲ ဖြစ်ကြတယ်။ ပရိုတင်းရဲ့ အရေးပါမှုက သက်ရှိတွေအတွက် ထင်ထားတာထက်ကို ပိုမိုပါသေးတယ်။ မေးစရာကောင်းတာတခုက ဒီလိုအရေးပါတဲ့ ပရိုတင်းဓာတ်ကို လူတယောက်တနေ့ကို ဘယ်လောက်လိုအပ်လဲ ဆိုတာပဲ။အလွယ်ကူဆုံးတွက်ချက်နည်းက အသားဓာတ်တွေကို မိမိရဲ့ ကီလိုအလေးချိန်နဲ့ ဆတူစားသုံးပေးရတယ်။ ဥပမာ အလေးချိန် ၅၀ ကီလိုဂရမ်ရှိတဲ့ လူတယောက်ဟာ ပရိုတင်းဓာတ် ၅၀ ဂရမ် လိုအပ်ပါတယ်။
နောက်အဓိက လိုအပ်တဲ့ဓာတ်တမျိုးက ကာဗိုဟိုက်ဒရိတ်ပါ။ လူတွေနေ့စဉ်စားနေတဲ့ ကာဗိုဟိုက်ဒရိတ် ကနေ စွမ်းအင်တွေထုတ်လုပ်နေရတယ်။ကာဗိုဟိုက်ဒရိတ်ဆိုတာ ကစီဓာတ်ပါပဲ။နေ့စဉ်သုံးစွဲနေတဲ့ စွမ်းအင်ရဲ့ ၅၀ရာခိုင်နှုန်းကို ကစီဓာတ်ကနေ ရရှိပါတယ်။ဆန်၊ဂျုံ၊ပြောင်း၊အာလူးစတာတွေဟာ ကာဗိုဟိုက်ဒရိတ်တွေပဲ ဖြစ်ကြတယ်။ နေ့စဉ်လိုအပ်တဲ့ ကစီဓာတ်ကို တွက်ချက်ချင်ရင် ကိုယ်ခန္ဓာအလေးချိန်နဲ့ အချိုးချကြည့်ရတယ်။ လူတယောက်နေ့စဉ်လိုအပ်တဲ့ ကစီဓာတ်ပမာဏဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၅ဆနဲ့ တူညီပါတယ်။ ဥပမာ ၅၀ကီလိုဂရမ်ရှိတဲ့လူတယောက်ဟာ နေ့စဉ် ကစီဓာတ် ၂၅၀ဂရမ်လောက် စားသုံးဖို့ လိုအပ်တယ်။ လွယ်လွယ်ကူကူတွက်ချက်ကြည့်ရင် ကစီဓာတ် ၁-ဂရမ်ကနေ ၄-ကယ်လိုရီထိ ရရှိတယ်တယ်။ ဒါ့ကြောင့် ကစီဓာတ်၂၅၀ဂရမ်စားရင် ကယ်လိုရီ ၁၀၀၀လောက် နေ့စဉ်ရရှိနေတယ်။ ရရှိတဲ့ကယ်လိုရီတွေကို စွမ်းအင်ထုတ်ဖို့ သုံးစွဲနေရတယ်။
ကယ်လိုရီ(cal) နဲ့ ကီလိုကယ်လိုရီ(kcal)
အစားအစာတွေမှာ အာဟာရ တန်ဖိုးကို kcal နဲ့ အသုံးများကြတယ်။အစားအသောက်တွေမှာ ကျွန်တော်တို့ စွမ်းအင်တန်ဖိုးပြောတဲ့အခါ ကယ်လိုရီနဲ့ အလွယ်ပြောကြတယ်။ မေးစရာရှိတာက ဒီနှစ်ခုအတူတူပဲလား။ ကျွန်တ်ေတို့ လက်ရှိပြောနေ၊သုံးစွဲနေကြတဲ့ ကယ်လိုရီဆိုတာ အမှန်က kcalပဲ ဖြစ်ပါတယ်။ လွယ်ကူအောင် ကယ်လိုရီဆိုပြီး ခေါ်နေကြခြင်းဖြစ်ပါတယ်။ဒါ့ကြောင့် ကျွန်တော်တို့ လက်ရှိသုံးစွဲနေတဲ့ ကယ်လိုရီ(cal)တန်ဖိုးနဲ့ အစားအစာတွေမှာ ရေးထားတဲ့ kcalဟာ အတူတူပါပဲ။
ဘယ်လိုအစားအစာတွေ အဓိကစားပေးရမလဲ။
အစားအသောက်ကို မျှတအောင်စားပေးပါ။ ပရိုတင်း၊ကာဗိုဟိုက်ဒရိတ်နဲ့ အဆီကို ၅:၄:၁ ပုံစံနဲ့ စားပေးရတယ်။ နေ့စဉ်အစားအသောက်မှာ ပရိုတင်း၅၀ရာခိုင်နှုန်း၊ ကစီဓာတ် ၄၀ရာခိုင်နှုန်း၊ အဆီဓာတ် ၁၀ရာခိုင်နှုန်း စားပေးရတယ်။
-ပရိုတင်းကြွယ်ဝတဲ့အစားအသောက်တွေထဲမှာ ကြက်သား၊ဝက်သား၊အမဲသား၊ဆိတ်သား၊ပဲတောင့်ရှည်၊ကြက်ဥ၊နွားနို့၊ချီးစ်၊ဒိန်ချဉ်၊ထောပတ်၊ပဲနို့၊တို့ဖူး စတာတွေပါဝင်ပါတယ်။
-ကစီဓာတ်များတဲ့အစားအစာတွေက ဆန်၊ဂျုံ၊ပြောင်း၊အာလူး၊ခေါက်ဆွဲ၊ပဲစိမ်း၊ပဲစေ့၊ပန်းဂေါ်ဖီစိမ်း၊အုတ်ဂျုံ စတာတွေပါဝင်ပါတယ်။
-အဆီဓာတ်ကို ၁၀ရာခိုင်နှုန်းလောက်သာ စားပေးသင့်တယ်။ အကောင်းဆုံးက လူနဲ့သင့်တော်တဲ့ မပြည့်ဝဆီတွေ ဖြစ်ပါတယ်။ မြေပဲ၊နှမ်း၊ နေကြာ၊သံလွင်၊ ထောပတ်၊အခွံမာသီးတွေ စားပေးသင့်တယ်။
ဝိတ်တက်ချင်သူအတွက် အချက်(၇)ချက်
၁။မိမိဟာ ဝနေသလား၊ပိန်နေသလားသိရှိဖို့ BMI ကို အရင်တွက်ကြည့်ပါ။
၂။BMIသိရင် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီပမာဏကို ဆက်လက်တွက်ချက်ပါ။ဘာကြောင့်လဲဆိုတော့ နေ့စဉ်လိုအပ်တဲ့ပမာဏဟာ တယောက်နဲ့တယောက် မတူညီနိုင်လို့ပါ။ ယေဘုယျအားဖြင့် အမျိုးသားတယောက်ဟာ ကယ်လိုရီ ၂၅၀၀ ပျမ်းမျှလိုအပ်ပြီး အမျိုးသမီးတွေဟာ နေ့စဉ်ကယ်လိုရီ ၂၀၀၀လောက် လိုအပ်ပါမယ်။
၃။ဝိတ်တက်ချင်ရင် ပုံမှန်လိုအပ်တဲ့ ကယ်လိုရီထက် ပိုစားပေးပါ။ များများဝချင်ရင် စားနိုင်တာထက် ပိုစားဖို့လိုပါတယ်။ နေ့စဉ် ကယ်လိုရီ ၅၀၀လောက် ပိုစားပေးဖို့လိုပါမယ်။ တနေ့ကို ၆ကြိမ်ထိ မကြာခဏ စားပေးသင့်တယ်။ အထူးသဖြင့် အသားနဲ့ အသီးအရွက်များများစားပေးပါ။
၎။ဆက်လုပ်ရမှာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ တပတ်မှာ သုံးကြိမ် အားကစားပုံမှန်လုပ်ပေးပါ။ လမ်းလျှောက်တာ၊ရေကူးတာ၊ဝိတ်မတာ တမျိုးမျိုး လုပ်ပေးနိုင်တယ်။ များများစားပြီး အားကစားမလုပ်မိရင် ပိုလျှံတာတွေဟာ အဆီပိုတွေအဖြစ်ပြောင်းလဲသွားပါမယ်။ ကြွက်သားဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။
၅။ရေများများသောက်ပါ။ လူတယောက်ဟာ နေ့စဉ် ရေသန့်ဗူး နှစ်ဗူး၊ သုံးဗူးလောက် သောက်ဖို့လိုပါမယ်။ သစ်သီးဖျော်ရည် သောက်ပေးနိုင်တယ်။
၆။ကောင်းကောင်း အိပ်စက်အနားယူပါ။ တညကို အနည်းဆုံး ၆-၈နာရီလောက် အိပ်စက်အနားယူသင့်တယ်။ ဒါမှသာ ဇီဝဖြစ်ပျက်မှုတွေ ပုံမှန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ကွန်ပျုတာတွေ၊အင်တာနက်တွေ၊ဂိမ်းဆော့တာတွေက အိပ်စက်ခြင်းကို အဓိကလျှော့နည်းစေတာ တွေ့ရှိရပါတယ်။
၇။စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။ စိတ်ဖိစီးမှုများရင် စားချင်စိတ်က ပျောက်သွားပါတယ်။
အထက်ပါအချက်တွေအပြင် လိုအပ်ရင် dietary supplementလို ဖြည့်စွက်အားဆေးပုံစံတွေ သောက်ပေးနိုင်တယ်။ အစာစားချင်စိတ်လှုံ့ဆော်ပြီး ကြီးထွားမှုကို မြန်ဆန်စေနိုင်တယ်။ သို့သော် ဆေးကို အလွန်အကျွံအားကိုးတာမျိုး တတ်နိုင်သမျှရှောင်ကြဉ်သင့်တယ်။ မှန်ရာကို ဝန်ခံရရင် ဒီလိုဖြည့်စွက်အားဆေးမျိုးသောက်ပြီး ဝလာ၊ဝိတ်တက်လာတာမျိုး သိပ်မတွေ့ရလို့ပါ။ ကိုယ်တိုင်ကြိုးစားအားထုတ်မှုမရှိရင် ဝိတ်တက်ဖို့ မမျှော်မှန်းသင့်ဘူး။ လွယ်လွယ်ကူကူရရှိတဲ့အရာမှန်သမျှဟာ တန်ဖိုးမရှိလို့ တန်ဖိုးရှိအောင် ကိုယ်တိုင်အားထုတ်လိုက်နာကြည့်ပါ။ သေချာလိုက်နာနိုင်ရင် ထူးခြားမှုကို မကြာခင်ရက်ပိုင်းအတွင်း တွေ့ရပါလိမ့်မယ်။
ဒေါက်တာ အေးမင်းထူး
Health Care Journal(16.8.13)
No comments:
Post a Comment