Saturday, February 6, 2016

မွေးကျွတ်နာ ပေါက်ခြင်း

မွေးကျွတ်နာကို တချို့က အနာစိမ်းလို့ ဘာသာပြန်ကြတယ်။အင်္ဂလိပ်လို boil  ဆေးအခေါ်အရ furuncleလို့လည်း ခေါ်ပါတယ်။ အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူ၊ ခုခံအားကျဆင်းသူတွေမှာ အဓိကဖြစ်ကြတယ်  မွေးကျွတ်နာဟာ Staphylococcus aureus ဘက်တီးရီးယားပိုးကြောင့် အဓိကဖြစ်စေပါတယ်။ လူတယောက်ရဲ့ အရေပြားမှာ ပုံမှန်အားဖြင့်ကို ဒီလိုပိုးမွှားတွေရှိတတ်တယ်။ အထူးသဖြင့် နှာခေါင်းမှာ ရှိတဲ့မြောင်းတွေမှာ ခိုအောင်းနေတတ်တယ်။သာမန် အခြစ်ရာ၊အစင်းရာလေးတစ်ခုကတဆင့် ပိုးမွှားတွေဝင်လာနိုင်တယ်။ ဝင်လာတဲ့ပိုးမွှားတွေဟာ မွေးညင်းပေါက်၊အဆီအိတ်စတဲ့နေရာတွေမှာ ပိတ်မိနေတတ်တယ်။ ဝင်လာတဲ့ပိုးကို ခန္ဓာကိုယ်ရဲ့ခုခံအားက တိုက်ခိုက်တဲ့အခါ ရောင်ရမ်းပြီးရဲလာတယ်။ ခုခံအားစနစ်မှာ ဘက်တီးရီးယားကို အဓိကတိုက်ဖျက်တာက သွေးဖြူဥပါ။ ပိုးဝင်တဲ့နေရာမှာ
ဘက်တီးရီးယား၊ သွေးဖြူဥ၊ပရိုတင်း၊ ဆဲလ်သေစတာတွေ စုပေါင်းပြီး ပြည်ဆိုတဲ့အရည် ဖြစ်လာတယ်။ ပြည်တည်နာအများစုဟာ ပြည်ပေါက် ပျောက်သွားကြတယ်။ ယေဘုယျအားဖြင့် နှစ်ပတ်အတွင်း သက်သာတတ်ကြတယ်။ 

 မွေးညှင်းပေါက် ပိုးဝင်တာ တမျိုးရှိသေးတယ်။ folliculitis ခေါ်ပါတယ်။ပိုးဝင်တဲ့နေရာမှာ ပြည်ဖုသေးသေးလေးတွေ တစ်လုံးစ၊နှစ်လုံးစပေါက်ပြီး မျက်နှာ၊လည်ပင်း၊ပေါင်၊ကျော၊တင်ပါး စတဲ့နေရာတွေမှာ အဖြစ်များတယ်။ အရေပြား ပွတ်တိုက်မှု၊ ချွေးထွက်များတာ၊ ရေနဲ့ ထိတွေ့မှုများတာတွေနဲ့ သက်ဆိုင်တတ်တယ်။ မွေးကျွတ်နာဆိုတာ မွေးညင်းပေါက်အောကခြေ အဆီဂလင်းထိ ပါလာတယ်။ deep folliculitisဖြစ်လို့ နေရာပိုကျယ်ပြန့်လာတဲ့ သဘောရှိတယ်။ အာရုံကြောဆိုတာလည်းပါလာလို့ နာကျင်မှုပါကဲလာတယ်။ ထိမိကိုင်မိရင် အလွန်နာတယ်။ 

မွေးကျွတ်နာဖြစ်စမှာ ခပ်ရဲရဲအနီဖုလေး ထွက်တာအရင် မြင်ရတယ်။ နှစ်ရက်အတွင်း ပြည်ဖုသေးလေး ဖြစ်လာတယ်။ ပြည်အိတ်အလယ်မှာ ခပ်ဝါဝါ၊ဖြူဖြူအနှစ်မျိုး တွေ့ရတယ်။ မွေးကျွတ်နာဆိုတာ မြင်ရုံနဲ့ သိသာတယ်။ ပေါက်တဲ့အခါ ထွက်လာတဲ့ ပြည်က တခြားနေရာတွေ ပျံ့နှံ့နိုင်တယ်။

ဝက်ခြံနဲ့ မတူတာတခုက ဒီလိုအနာမျိုးက ကူးစက်လွယ်တယ်။ နေရာတခုတင်မက တခြားနေရာတွေပါ ဖြစ်တတ်တယ်။ ပြဿနာက ပြည်ပေါက်သွားရင် တခြားနေရာတွေကိုပါ ပျံနှံ့သွားတတိတယ်။ ပြည်ဖုတစ်ခုပေါက်ရင် အခြားနေရာတွေမှာ အလားတူပြည်ဖုတွေ ထပ်ပေါက်လာတတ်တယ်။ အများစုက ပြည်တည်နာ အနည်းဆုံးနှစ်လုံးသုံးလုံးလောက်ဖြစ်မှ(သို့) မခံမရပ်နိုင်အောင်ကိုက်မှ ဆေးခန်းရောက်လာကြတယ်။ ပုံမှန်ားဖြငိ့ ၂ပတ်အတွင်း သက်သာကြတယ်။

အနာပဆုပ်(carbuncle)ဆိုတာ အနာစိမ်းတွေ အဆုပ်လိုက်စုဖြစ်တာကို့ခေါ်ပါတယ်။ မွေးကျွတ်နာထက် ဖြစ်တဲ့နေရာပိုကျယ်တယ်။  အဆီလွှာ(subcutaneous layer)ထိ ရောက်တတ်တယ်။ အနာအရွယ်အစားက ၁-၄လက်မထိ ရှိလာနိုင်တယ်။ဖြစ်စမှာ အနီဖုလုံးသေးလေးတွေက တဖြည်းဖြည်း အရွယ်အစားကြီးလာတယ်။ ပိုးဝင်တဲ့အနာက နီးစပ်ရာ အရေပြားထိ ကူးစက်ပျံ့နှံ့လာတဲ့ သဘောမျိုးဖြစ်ပါတယ်။ အနားသတ်မျက်နှာပြင် ရောင်လာ၊ရဲလာသလို ပူလာတယ်။ ပြည်တည်နာတွေစုပြီး အဆုပ်လိုက်ဖြစ်လာတယ်။တဆစ်ဆစ်ကိုက်လာတယ်။ ညအိပ်မရတော့ဘူး။ ပိုးဆိုးလာရင် အပြင်းဖျားပြီး ချမ်းတာ၊ ဂလင်းတွေရောင်တာထိ ဖြစ်လာမယ်။ ဒီလိုဖြစ်လာရင် သေချာကုသဖို့ လိုလာတယ်။ 

ပြည်သဘောကဖြစ်လာရင် အပြင်ထွက်မှ သက်သာတတ်တယ်။ လိုအပ်ရင် ပြည်ကိုခွဲစိတ်ပြီး ထုတ်ပစ်ရတယ်။ ဓားရာပေးပြီး ပြည်ပုပ်တွေ အပြင်ထွက်အောင်( Incision and drainage ) လုပ်ပေးရတယ်။  အနာကြီးရင် ထုံဆေးပေးပြီး ခွဲပါတယ်။ ခွဲတဲ့အခါ ရောဂါပိုးသန့်စင်ဖို့ အထူးလိုအပ်ပါတယ်။ ခွဲပြီးနောက်ပိုင်း ဖြစ်တဲ့အနာကို သေချာသန့်စင်ပေးရတယ်။ အနာကသိပ်ကြီးရင် အမာရွတ်ပါ ကျန်နေတတ်တယ်။ အနာပဆုပ်ဖြစ်ရင်တော့ အထူးဂရုစိုက်ကုသပေးမှ ပျောက်ကင်းကြတယ်။

ဖြစ်တဲ့အနာက လက်ဆိပ်တက်ပြီး ရင်းလာတဲ့အခါ ပဋိဇီဝ ပိုးသတ်ဆေးမျိုး လိုလာတတ်တယ်။ ဆေးပေးတဲ့အခါ Staphylococcus aureusကို နိုင်တဲ့ပဋိဇီဝပိုးသတ်ဆေးမျိုး ရွေးချယ်ပေးရပါတယ်။ staphylococcus ပိုးမျိုးက ကူးစက်လွယ်သလို ဆေးယဉ်ပါးတာ မြန်လို့ သတိထားရတယ်။ flucloxacillin၊ dicloxacillin၊cephalexin၊cefaclor စတဲ့ပိုးသတ်ဆေး တမျိုးမျိုး သောက်ပေးနိုင်တယ်။ ပင်နယ်စလင်မတဲ့သူတွေ erythromycin၊clarithromycin စတဲ့ဆေးမျိုးပြောင်းလဲ သုံးစွဲနိုင်ပါတယ်။သောက်ဆေးပေးတဲ့အခါ အနည်းဆုံး တစ်ပတ် ပေးရတယ်။ တချို့က mupirocin၊fusidic acidစတဲ့ လိမ်းဆေးမျိုး သုံးစွဲကြတယ်။ လိမ်ဆေးပေးတဲ့အခါ တနေ့ နှစ်ကြိမ်၊ ငါးရက်ပြည့်အောင် လိမ်းပေးခိုင်းတယ်။ အနာက ပိုဆိုးလာရင် ဆဲလ်လူလိုက်တစ်(cellulitis)ဆိုတာ ဖြစ်လာတယ်။ Augmentinလို ပိုပြင်းတဲ့ဆေးမျိုး လိုလာတတ်ပါတယ်။ မကုပဲထားရင် နောက်ဆက်တွဲတွေ ဝင်လာနိုင်တယ်။ နှလုံး၊အဆုတ်၊ကျောက်ကပ်၊အရိုး၊ဦးနှောက် စတဲ့နေရာတွေကို ပိုးဝင်ပြီး ဒုက္ခပေးလာနိုင်တယ်။ ထပ်ဆိုးလာရင် သွေးဆိပ်တက်ပြီး ရှော့ခ်ဝင်တာမျိုးထိ ဖြစ်လာတတ်တယ်။ အချိန်မီ ဆေးရုံတက်ကုသမှုမရှိရင် အသက်အန္တရာယ်ပါ စိုးရိမ်လာရတယ်။

မွေးကျွတ်နာဖြစ်လာရင် ဘာတွေလုပ်မလဲ။
-အနာပေါက်မြန်အောင် ရေနွေးဝတ် ကပ်ပေးသင့်တယ်။ ဆားခပ်ထားတဲ့ ရေနွေးထဲကို သန့်စင်တဲ့ အဝတ်စတခုစိမ်ပါ။ထို့နောက် အနာပေါ်ကို အဝတ်ခေါက်ပြီး တင်ပေးသင့်တယ်။ တနေ့ သုံးကြိမ် တခါကပ် ၁၅မိနစ်ကြာအောင် ကပ်ပေးသင့်တယ်။ပြည်ပေါက်သွားတဲ့အခါ သန့်ရှင်းရေးက အရေးကြီးပါတယ်။ပေါက်နေတဲ့အနာကို ရေနွေးဝတ်နဲ့ တစ်နေ့ နှစ်ကြိမ် သန့်စင်ပါ။ အနာကို ခြောက်သွေ့သန့်ရှင်းတဲ့ ပိတ်စတခုခုနဲ့ ဖုံးအုပ်ပါ။ အနာ မကိုင်မီနဲ့ ကိုင်ပြီးနောက် ရေနဲ့သေချာဆေးကြောပါ။ ပတ်ဝန်းကျင် လေနဲ့ထိတွေ့စေတာက အနာကျက်တာ မြန်လာစေတယ်။အနာကိုက်ခဲလာရင် အကိုက်အခဲပျောက်ဆေး တမျိုးမျိုး သောက်ပေးနိုင်တယ်။လိုအပ်လျှင် ပဋိဇီဝသောက်ဆေး၊လိမ်းဆေး တမျိုးမျိုး လိမ်းပေးပါ။

အိမ်တွင်းကုထုံး
-ရှာလကာရည်ကို ရေနှင့် ဆတူရော၍ အနာပေါ်လောင်းထည့်ပါ။ အနာထဲကပိုးတွေကို သန့်စင်စေတယ်။
-ကြက်သွန်နီ၊ကြက်သွန်ဖြူ ညက်အောင်ထောင်း၍ အနာဘေးပတ်လည်တွင် အုံပေးပါ။ နှစ်မျိုးလုံးက ပိုးသေစေတဲ့ အာနိသင်ရှိပါတယ်။
-အာလူးကို ခပ်ပါးပါး အနေတော်ဖြစ်အောင် လှီး၍ အနာပေါ်တင်ပေးပါ။အာလူးက ကျန်နေတဲ့ပြည်တွေ အပြင်ကိုထွက်စေမယ်။
-အနာကို လုံအောင်ပတ်တီးနဲ့ သေချာကျပ်ဆီးပေးရတယ်။ 
-၁၉ရာစုနည်းတစ်ခုက ကြက်ဥပြုတ် အဖြူအကာကို အနာပေါ်တင်ပြီး ကျပ်စီးခိုင်းတယ်။

မကြာခဏပြန်ဖြစ်တတ်သူတွေမှာ ကာကွယ်ရေးက အရေးကြီးတယ်။ တကိုယ်ရေသန့်ရှင်းရေး အထူးအလေးပေးသင့်တယ်။  လက်ကိုစင်ကြယ်အောင် ဆေးကြောပါ။ ပိုးသတ်ဆပ်ပြာမျိုး သုံးပေးပါ။ လိုအပ်ရင် clindamycin 150mg တနေ့ တကြိမ် ကာကွယ်ဖို့ သောက်နိုငတယ်။ ဆေးရုံမှာဖြစ်ရင် ၃၀ရာခိုင်နှုန်းက MRSAဆေးမတိုးတဲ့ ပိုးမျိုးဖြစ်နိုင်တယ်။ လိုအပ်ရင် အနာကထွက်တဲ့ပြည်ကို ပိုးမွေးပြီး ဆေးတိုး၊မတိုး စမ်းကြည့်ရတယ်။အများအားဖြင့် vancomycin လိုပိုးသတ်ဆေးကို သွေးကြောက တဆင့်ထိုးပေးရတယ်။ 

လိုက်နာရှောင်ကြဉ်ရမည့် အချက်များ
အနာကို လက်နဲ့မကိုင်မိအောင် သတိထားပါ။ မိမိဘာသာ ပြည်ညှစ်တာ၊ဖောက်တာမျိုး မလုပ်သင့်ဘူး။အသုံးအဆောင်တွေကို ရေနွေးနဲ့သေချာဆေးဖို့လိုအပ်ပါတယ်။အဝတ်အစား မျှဝေသုံးစွဲတာမျိုး ရှောင်ကြဉ်သင့်တယ်။ အတူနေအိမ်သားရှိရင် သတိထားသင့်တယ်။ မကြာခဏပြန်ဖြစ်တတ်သူတွေဟာ သန့်ရှင်းမှုအားနည်းသူတွေ ဖြစ်ကြတယ်။ တကိုယ်ရေသန့်ရှင်းမှု အထူးဂရုစိုက်သင့်တယ်။ မျက်နှာမှာ ဖြစ်ရင်၊ကျောရိုးဆစ်နားတဝိုက်ဖြစ်ရင် ပိုသတိထားရတယ်။ ဆီးချိုရောဂါ၊အဝလွန်တာ၊စတီးရွိုက်ဆေးသောက်တာမျိုးက ခုခံအားကျဆင်းစေတယ်။ ဗီတာမင် အေ၊စီ၊အီး၊ဇင့်၊ ဆီလီနီယမ် စတဲ့ဓာတ်တွေက ခုခံအားတက်စေမယ်။ အနာဖြစ်နေစဉ် အစိမ်းရောင်အရွက်၊သစ်သီးဝလံ စားပေးသင့်တယ်။ကော်ဖီ၊သကြား၊ပြုပြင်ထားတဲ့ အစားအစာ ရှောင်ပေးသင့်တယ်။ ညှော်နံ့တွေရှောင်၊ အနာကိုစင်အောင်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၈.၂.၁၆)

No comments:

Post a Comment