ချောင်းဆိုးရောဂါက အဖြစ်များတယ်။ ရာသီဥတုအပြောင်းအလဲမှာ အဖြစ်အများဆုံးရောဂါလက္ခဏာ ကို ပြောပါဆိုရင် ချောင်းဆိုးတာကိုပဲ ညွှန်ပြရလိမ့်မယ်။ အနောက်နိုင်ငံမှာ လေ့လာမှုတွေလုပ်တော့ ဆေးခန်းလာပြတဲ့ လူနာ ၅ယောက်မှာ တယောက်ဟာ ချောင်းဆိုးခြင်းကြောင့် ဖြစ်တယ် လို့ တွေ့ရတယ်။ ချောင်းဆိုးတာ ကောင်းလားမေးရင် လူနာအများစုကတော့ ခေါင်းခါကြလိမ့်မယ်။ ဒါပေမယ့် တခြားဖက်ကကြည့်ပြန်တော့ ခန္ဓာကိုယ်အတွက်ကောင်းတာ တွေ့ရတယ်။ ချောင်းဆိုးလိုက်ခြင်းအားဖြင့် လည်ချောင်းမှာရှိတဲ့ ရောဂါပိုးမွှားတွေ၊အညစ်အကြေး၊အကျွဲအချွဲ၊ခဲနေပိတ်ဆို့နေတာတွေ ရှင်းလင်းသွားတယ်။ ဒီအခါမှာ လူကသက်သာသွားပြီး နေလို့ထိုင်လို့ကောင်းသွားတယ်။ ဒါတင်မကသေးဘူး။ အသက်ရှုလမ်းကြောင်းတနေရာမှာ တိုက်ခိုက်ခံရတာကို ခန္ဓာကိုယ်က တုံ့ပြန်တယ်လို့လည်း သိရပြန်တယ်။ ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့ ရောဂါတွေက များတယ်။ ဘာမှမဟုတ်တဲ့ ရောဂါတွေကအစ ရောဂါကြီးတွေထိ ဖြစ်နိုင်တယ်။အအေးမိ၊တုပ်ကွေး၊ပန်းနာရင်ကျပ်၊ဓာတ်မတဲ့တာ၊လေပြွန်ရောင်၊လေပြွန်ပိတ်၊တီဘီ၊နမိုးနီးယား၊အဆုတ်ကင်ဆာ၊နှလုံးရောဂါစသည်ဖြင့် ရောဂါအမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်။ တခါတရံ အစာအိမ်ရောဂါမှာ အစာခြေရည်အထက် ဆန်တက်ခြင်းကြောင့်လည်း ချောင်းဆိုးတတ်သေးတယ်။ ချောင်းဆိုးခြင်းဟာ သိစိတ်မဲ့တုံ့ပြန်မှုဖြစ်ပြီး ပုံမှန်အားဖြင့် သူ့အလိုလို သက်သာနိုင်တယ်။ ဒါပေမယ့် သုံးပတ်ထက်ပိုပြီး ချောင်းဆိုးတာ၊သွေးပါတာ၊အသက်ရှုရခက်တာမျိုး ရှိရင် ဆရာဝန်နဲ့ပြသင့်တယ်။
ချောင်းဆိုးတဲ့အခါ သလိပ်မပါတဲ့ ချောင်းခြောက်(non-productive cough)နဲ့ သလိပ်ထွက်တဲ့ ချောင်းစို(productive cough)ဆိုပြီး အုပ်စုနှစ်ခု ရှိပါတယ်။ သလိပ်မပါတဲ့ ချောင်းမျိုးကို ချောင်းခြောက်(dry cough)လို့ခေါ်ပါတယ်။ ခပ်သြသြနဲ့ တဟွတ်ဟွတ်ဆိုးပြီး လည်ချောင်းထဲက ထွက်တဲ့အသံမျိုးက ချောင်းခြောက်ဖြစ်တယ်။ ရိုးရိုးတံထွေးလောက်ထွက်တဲ့ ချောင်းကိုလဲ ချောင်းခြောက်ထဲ ထည့်ထားတယ်။ ချောင်းခြောက် အများစုက ဓာတ်မတဲ့တာနဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်စေတယ်။ သလိပ်ပါလာရင် ချောင်းအစို(wet cough)ထဲရောက်သွားတယ်။ ချွဲပြစ်ပြစ်အရည်တွေ (အဝါ၊အစိမ်း၊အဖြူ၊သံချေး၊ခပ်ညိုညို)စသည်ဖြင့် ထွက်တာမျိုးက ချောင်းစိုဖြစ်တယ်။ အများစုက ဗက်တီးရီးယားပိုးဝင်တာဖြစ်လို့ဖြစ်ရတယ်။ ဒီအတွက် ပဋိဇီဝပိုးသတ်ဆေးတွေ လိုလာတတ်တယ်။
ဆေးကို တလွဲသုံးလာသူတွေကြားမှာ တကယ်ခေါင်းကိုက်ရတာက ဆရာဝန်တွေ ဖြစ်ပါတယ်။ ဒီဆေးသာ တားမြစ်မယ်ဆိုရင် ဘယ်ဆေးနဲ့များ အစားထိုးကြမလဲ။ ဆေးဆိုင်တိုင်းက အလွယ်တကူရနေတာဖြစ်လို့ တားမြစ်ပိတ်ပင်ဖို့ခက်ခဲတယ်။ လွယ်လွယ်ရတာဖြစ်လို့ ခပ်လွယ်လွယ် ဝယ်သောက်တဲ့အကျင့်ကို ပြုပြင်ဖို့မလွယ်ကူပါဘူး။ သို့သော် သုံးစွဲသူတွေချည်း အပြစ်တင်နေလို့ မဖြစ်သေးပါ။ ခေတ်အခြေအနေအရ ဆေးဝါးတွေကို အလွယ်တကူဝယ်ယူခွင့်ပေးထားတဲ့ စနစ်တွေကိုလည်း ပြန်လည်သုံးသပ်သင့်တယ်။ ခေတ်၊စနစ်ဆိုတာတွေကို ဘေးဖယ်ထားပြီး မိမိလုပ်နိုင်တာကို ပြန်စဉ်းစားကြည့်တဲ့အခါ စိတ်ပူစရာ သိပ်မရှိပြန်သေးဘူး။ ဘာ့ကြောင့်လဲဆိုတော့ အနောက်တိုင်းဆေးတွေ မပေါ်ခင်ကတည်းက ရိုးရာအိမ်သုံးနည်းဆိုတာတွေကို သုံးခဲ့ကြလို့ဖြစ်ပါတယ်။ အိမ်မှာ အလွယ်ရနေတဲ့ ပစ္စည်းတွေကို ရောစပ်လိုက်ရင် ဈေးလည်းသက်သာ၊အချိန်ကုန်သက်သာတဲ့ ချောင်းဆိုးပျောက်ဆေးတွေ ဖြစ်လာမှာပါ။ ဒီလို ချောင်းဆိုးပျောက်ဆေးတွေ ဘယ်လိုလုပ်မလဲ။ နောက်တပတ်မှာ ချောင်းဆိုးခြင်းအတွက် အိမ်သုံးနည်းတွေအကြောင်း ဆက်လက်ဖော်ပြပေးပါမယ်။
ရတနာပုံသတင်းစာ(၂၂.၉.၁၄)
No comments:
Post a Comment