Wednesday, November 6, 2013

ကွမ်းယာမစားခင် ဖတ်စေချင်

ဒီရက်ပိုင်း နိုင်ငံပိုင်သတင်းစာတွေမှာ ကျန်းမာရေးဝန်ကြီးဌာနကနေ ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်စေနိုင်တဲ့ဆိုးကျိုးတွေကို သတိပေးချက် ထုတ်ပြန်လာတာ တွေ့လာရပါတယ်။ ရှေးမြန်မာမင်းလက်ထက် အစဉ်အဆက်စားလာတာမို့ ရှေးထုံးကိုမပယ်ချင်သူတွေက မေးခွန်းထုတ်ကြတယ်။ နည်းနည်းဗဟုသုတရှိသူက ကွမ်းရွက်ဆိုတာ ဆေးဖက်ဝင်တယ်။ လွန်ခဲ့တဲ့နှစ်၂၀၀၀ကျော်လောက်ကတည်းက သုံးခဲ့ကြတယ်။ ဘယ်ကဘယ်လို ဆိုးကျိုးပေးတာလဲ မေးကြတယ်။ တချို့ကလည်း ကွမ်းယာထဲမှာ ဆေးရွက်ကြီးမထည့်ရင် ဆိုးကျိုးမပေးနိုင်ပါဘူး ငြင်းကြတယ်။ ကွမ်းယာ သဘောက စားပါများရင် ဆေးရွက်ကြီးမပါလည်း ရေရှည်မှာ ဆိုးကျိုးပေးတာ တွေ့ရပါတယ်။ ဘယ်လိုဆိုးကျိုးပေးလဲဆိုတာ ကျန်းမာရေးရှုထောင့်အရ သုံးသပ်ပြီး ဖော်ပြပါမယ်။


ကွမ်းယာဆိုတာ
ကွမ်းယာဆိုတာ ကွမ်းရွက်၊ကွမ်းသီးနဲ့ ဖောက်ထုံး သုံးမျိုးရောစပ်ပြီး ယာထားတာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို betel quidလို့ ခေါ်ပါတယ်။ အိန္ဒိယမှာ ပန်း(pan)ဆိုရင် ကွမ်းယာမှန်းသိကျတယ်။ကမ္ဘာပေါ်မှာ ကွမ်းယာစားသူပေါင်း သန်း၂၅၀ကျော် ရှိပါတယ်။ ဒီထဲမှာ အနောက်ပစိဖိတ်ဒေသ၊အိန္ဒိယနဲ့ အရှေ့တောင်အာရှဒေသတွေဟာ အဓိကစားကြတယ်။ တွေ့ရှိချက်တွေအရ  မြန်မာ၊အိန္ဒိယ၊နီပေါ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဟာ ကွမ်းယာအစားဆုံးနိုင်ငံတွေ ဖြစ်ကြတယ်။ ကွမ်းစားတဲ့နိုင်ငံတွေအနက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ပြီးရင် တတိယလိုက်တယ်။ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းဟာ ကွမ်းစားကြတယ်လို့ ၂၀၀၁ခုနှစ်ကလုပ်ခဲ့တဲ့ WHOရဲ့ ကိန်းဂဏာန်းအရ သိရတယ်။ လူခြောက်ယောက်မှာ တစ်ယောက်ဟာ ကွမ်းစားတဲ့သဘောပါ။ အဲဒီထဲက ၂၀ရာခိုင်နှုန်းဟာ အသက်၁၃-၁၅နှစ်အရွယ် လူငယ်တွေဖြစ်ကြတယ်။ ယဉ်ကျေးတဲ့မြို့ကြီးသူတွေက ကွမ်းမစားကြဘူး။ မလိမ္မာတာ မြို့ကြီးသားတွေ။ ကွမ်းထဲမှာ ဆေးထည့်စားသူက ၉၅ရာခိုင်နှုန်းရှိတယ်။ ပျမ်းမျှအားဖြင့် တနေ့ကို လေးကြိမ်လောက် ကွမ်းစားတာ တွေ့ရတယ်။ 

ကွမ်းရွက်(betel leaf)
ကွမ်းရွက်ရဲ့ ဇာတိမြေက အရှေ့တောင်အာရှနဲ့ အိန္ဒိယနိုင်ငံတွေဖြစ်ပါတယ်။ အိန္ဒိယမှာ လွန်ခဲ့တဲ့နှစ်၂၀၀၀ကျော်လောက်ကတည်းက တိုင်းရင်းဆေးအဖြစ်သုံးခဲ့ကြတယ်။ ကွမ်းရွက်ဆိုတာ ၃-၅လက်မလောက် ရှိတဲ့ အသည်းပုံစံအရွက် ဖြစ်တယ်။ ပူရှိန်းရှိန်းအရသာရှိတယ်။ အာနိသင်က လူ့စိတ်ကိုစွဲလန်းစေတယ်။ နေလို့ကောင်းတယ်။ စိတ်အာရုံနိုးကြားစေတယ်။ ကွမ်းရွက်ထဲမှာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ၉မျိုးမှာ ၆မျိုးထိပါဝင်တာ တွေ့ရတယ်။ဒါပြင့် ဗီတာမင်၊သတ္တုဓာတ်နဲ့ အင်ဇိုင်းဓာတ်တွေလည်း ပါဝင်တယ်။ ကွမ်းရွက်မှာ ဘက်တီးရီးယား၊ပရိုတိုဇိုးဝါးနဲ့ မှိုပိုးတွေကို သတ်နိုင်တဲ့အာနိသင်ရှိတယ်။ မီးလောင်နာ၊ပြည်တည်နာ၊ပြတ်ရှနာတွေသာမက ခံတွင်းနံ့နံတာတွေကို သက်သာပျောက်ကင်းစေတယ်။မျက်စိကိုအေးစေတယ်။ သလိပ်ကင်းစေတယ်။ ချွေးနဲ့တံတွေး ပိုများစေတယ်။ ကြာရှည်သုံးရင် ကွမ်းရွက်ကို စွဲလမ်းလာတယ်။ ယေဘုယျအားဖြင့် ဆေးဖက်ဝင်ပေမယ့် အလွန်အကျွံစားသုံးမိရင် သွားတွေကို ဒုက္ခပေးတယ်။ နေ့စဉ်ရက်ဆက်စားမိရင် ကောင်းကျိုးထက် ဆိုးကျိုးသာ များလာတယ်။ ပိုဆိုးတာက ကွမ်းသီး၊ထုံးစတာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လူ့ခန္ဓာကိုယ်အတွက် အဆိုးဖက်ကို ဦးတည်သွားတယ်။

ကွမ်းသီး(Areca nut)
ကွမ်းသီးကို betel nutလို့ သိကြတယ်။ နာမည်ရင်းမဟုတ်ဘဲ ကွမ်းယာထဲမှာသုံးလို့ အလွယ်ခေါ်တဲ့နာမည်ပါ။ နာမည်ရင်းက Areca nutလို့ခေါ်ပါတယ်။ ထန်းသီးအမျိုးအစားထဲမှာ ပါဝင်တယ်။ အပြင်လွှာက အစိမ်းရောင်အခွံရှိတယ်။ အခွံကို ခွာပြီး အခြောက်လှမ်းမှ ကွမ်းယာမှာထည့်စားနေတဲ့ ကွမ်းသီးဆိုတာဖြစ်လာတယ်။ အခြောက်ခံပြီးရင် နူးအောင် ရေထပ်စိမ်ပေးရတယ်။ ကောင်းတာတွေအရင်ပြောရရင် လေ၊သလိပ်၊အနံဆိုး ကင်းစေတယ်။ စိတ်ဖိစီးမှုလျှော့နည်းစေတယ်။ စိတ်အာရုံကို လန်းဆန်းစေတယ်။ ကွမ်းသီးမှာပါဝင်တဲ့ arecoline(အေရီကိုလင်း)ဓာတ်က အရေးပါတယ်။ လူ့စိတ်ကို နိုးကြားစေတယ်။ စွဲလန်းတဲ့ သဘောရှိတယ်။ သူစားမှ နေလို့ကောင်းတယ်လို့ ထင်လာစေတယ်။ အစာစားချင်စိတ် လျှော့ပါးလာတယ်။ သေချာလေ့လာကြည့်တဲ့အခါ ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုးများတာတွေ့ရတယ်။ မြင်လွယ်တဲ့ ဆိုးကျိုးက သွားတွေကို ညစ်ပေစေတယ်။ သွားရဲ့ကြွေလွှာကို ပျက်ဆီးစေတယ်။ သွားဖုံးကိုလည်း ထိခိုက်စေတယ်။ ဆဲလ်ရဲ့မျိုးဗီဇ DNAကို ပျက်ဆီးစေတယ်။ arecoline ဓာတ်က အချင်းကို ဖြတ်နိုင်တယ်။ ဒီဓာတ်ကြောင့်ဘဲ ကိုယ်ဝန်ပျက်တာ၊ပေါင်မပြည့်ဘဲမွေးတာ၊မွေးရာပါ ချို့ယွင်းတာ၊ကြီးထွားမှုနှေးကွေးတာမျိုးဖြစ်နိုင်တယ်။တစ်ကမ္ဘာလုံးမှာ ကွမ်းသီးစားသုံးသူ သန်း ၆၀၀ကျော်ရှိပြီး အနောက်ပစိဖိတ်ဒေသ၊အိန္ဒိယနဲ့ အရှေ့တောင်အာရှမှာ အဓိက သုံးစွဲကြတယ်။ ကွမ်းသီးကို နိုင်ငံအသီးသီးမှာ ပုံစံမျိုးစုံနဲ့ ထုတ်လုပ်ပြီး သုံးစွဲကြတယ်။

ဆေးရွက်ကြီး(tobacco)
ဆေးရွက်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြတယ်။ ပြောင်းလဲလာတဲ့ globalisation သဘောမှာ ဆေးရွက်ကြီးက အမှတ်အသားတခုပါ။ အနောက်တိုင်းနဲ့ အရှေ့တိုင်းကိုလည်း ပေါင်းကူးပေးတယ်။အရှေ့တိုင်းက ဝါးပြီး အနောက်တိုင်းက ရှုရှိုက်ကြတယ်။ လွယ်တာကို ခက်အောင်လုပ်သူတွေထဲမှာ အနောက်တိုင်းက ပိုတော်တယ်။ ဆေးရွက်ကြီးကို အခြောက်လှမ်း၊မတူညီတဲ့ ဓာတုပစ္စည်း အမျိုး၂၀၀၀လောက်နဲ့ရောစပ်ပြီး စီးကရက်ဆိုတာကို ဖန်တီးတယ်။ ဒီနေရာမှာ အရှေ့တိုင်းက ရွှေမြန်မာတွေကလည်း မညံ့လှဘူး။ ဆေးပေါင်းတွေ၊နှပ်ဆေးတွေလုပ်၊ ကွမ်းယာထဲထည့်ပြီး ရှေးရိုးအစဉ်အလာမပျက်အောင် ဆက်လက်ထိန်းသိမ်းကြတယ်။ ဒါပြင့် အိမ်နီးချင်းပီသသူတွေဖြစ်တာကြောင့် အိန္ဒိယက ဝင်လာတဲ့ shikharလို အသင့်စား အထုပ်လေးတွေ စတိုင်ကျကျစားပြီး အားပေးကြတယ်။ shikharဆိုတာ ဆေးရွက်ကြီးမှုန့်ပါလို့ "Gutkhar"အမျိုးအစားထဲမှာ ပါဝင်တယ်။သူတို့ဆီမှာ ဆေးရွက်ကြီးမပါတာကို"pan masala"လို့ခေါ်ပါတယ်။  အထုပ်ပုံစံချင်းကတော့ သိပ်မကွာလှဘူး။ ဒီလိုအထုပ်မျိုးကို အိန္ဒိယမှာ ၁၉၇၅ခုနှစ်လောက်ကတည်းက စတင်ရောင်းချခဲ့တယ်။နောက်ပိုင်းမှာ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ဈေးကွက်တခုဖြစ်လာတယ်။ ဒါပေမယ့် အိန္ဒိယရဲ့ပြည်နယ်၂၈ခုအနက် ၂၆ခုမှာ ၂၀၁၂ခုနှစ်၊ဇူလိုင်လ ၁၉ရက်နေ့ကစပြီး gutkharထုပ်တွေကို စတင် တားမြစ်ခဲ့တယ်။ နောက်တစ်နှစ်အကြာ ၂၀၁၃ခုနှစ်၊ဇူလိုင်လ ၂၀ရက်နေ့မှာ ဆေးရွက်ကြီးမပါဝင်တဲ့ pan masalaထုပ်တွေကိုပါ ထပ်မံတားမြစ်ခဲ့ပြန်တယ်။ 
           ဆေးရွက်ကြီးမှာ ပါဝင်တဲ့နီကိုတင်းဓာတ်ဟာ လူ့စိတ်ကို စွဲလန်းစေတယ်။စိတ်အာရုံကို နှိုးဆွပေးတယ်။ လန်းဆန်းစေတယ်။ ကျန်းမာရေးအတွက် မကောင်းတဲ့အချက်က သွေးကြောတွေကို ကျဉ်းစေတယ်။ နှလုံးခုန်မြန်လာတယ်။ သွေးပေါင်ချိန် တက်လာစေတယ်။ သွေးကိုပြစ်စေရုံမက နှလုံး၊သွေးတိုး၊လေဖြတ်စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ ခံစားလာရတယ်။ နီကိုတင်းရဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အာနိသင်ကို ပိုးသတ်ဆေးတွေမှာ ထည့်သွင်းအသုံးပြုခဲ့ကြတယ်။ ဆေးရွက်ကြီးကို  သောက်တာပဲဖြစ်ဖြစ်၊ ရှုတာပဲဖြစ်ဖြစ် ကျန်းမာရေးဆိုးကျိုးအရ သိပ်မကွာလှဘူး။ 

ကွမ်းယာ၊ကွမ်းသီးစားခြင်းကြောင့် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်လဲ။
ကွမ်းယာ၊ကွမ်းသီးစားခြင်းကြောင့် ဗီတာမင် ဘီဝမ်း၊ဘီတွဲ နဲ့ ဗီတာမင်ဒီဓာတ်တွေ ချို့တဲ့တာတွေ့ရပါတယ်။ သွေးတွင်း ဟိုမိုဆစ်စတင်း(homocysteine)ကို များစေတာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ပိတ်တာ၊လေဖြတ်တာ ဖြစ်နိုင်တယ်။ သွားနဲ့သွားဖုံးရောဂါကို ဖြစ်စေနိုင်တယ်။ မျိုးရိုးဗီဇ DNAကို ပျက်ဆီးစေတာကြောင့် သန္ဓေမအောင်ဘဲ မြုံသွားစေတယ်။ကိုယ်ဝန်ဆောင်စဉ် ကွမ်းယာစားတဲ့မိခင်တွေကြောင့် ကလေးငယ်ကို ထိခိုက်နိုင်တာတွေ့ရတယ်။ မွေးရာပါချို့ယွင်းတာ၊ကိုယ်ဝန်ပျက်ကျတာ၊ပေါင်မပြည့်တာ၊ကြီးထွားမှုနှေးကွေးတာ တွေ့ရတတ်တယ်။ ပိုဆိုးတာက ကွမ်းယာထဲမှာပါဝင်တဲ့ ထုံးဓာတ်၊ဆေးရွက်ကြီး အာနိသင်နဲ့ပေါင်းတဲ့အခါ ပါးစောင်ကင်ဆာ၊လျှာကင်ဆာ၊အစာမျိုကင်ဆာ၊လည်ချောင်း ကင်ဆာ ၊အစာအိမ်ကင်ဆာထိ ဖြစ်လာတယ်။ ဒါ့ကြောင့် ကွမ်းစားခြင်းကို အသံတိတ်လူသတ်သမား(silent killer)ဆိုတာထက် အငွေ့ မထွက်ဘဲ လူသတ်နိုင်လို့ smokeless killerလို့ခေါ်ရမလားပဲ။ 

ကွမ်းစားရင် ဘာ့ကြောင့် သွားတွေ နီလာရလဲ
ကွမ်းနဲ့ ကွမ်းသီးက တံတွေးကို ပိုထွက်စေတယ်။ ဝါးတဲ့အခါ လှုပ်နေတဲ့ပါးစပ်က အောက်စီဂျင်ကြောင့် အယ်လ်ကာလီ(alkali)ဖက် ရောက်လာတယ်။ တံတွေးနဲ့ ရေမှာပျော်ဝင်တဲ့  leucocynidin(လူကိုဆိုက်နီဒင်း)တို့ ဓာတ်ပြုပြီး 0-quinoneဆိုတာ ဖြစ်လာလို့ နီရဲရဲအရည်တွေထွက်လာရတယ်။ စားပါများတဲ့အခါ ဒီအရည်တွေက သွားမှာပေကျံစွန်းထင်းလာပြီး သွားတွေရဲလာတယ်။ CNNသတင်းဌာနက ဖော်ပြခဲ့သလို နေ့ခင်းကြောင်တောင် သွေးစုပ်လို့မဟုတ်ရပါဘူး။

နေ့စဉ်နည်နည်းစီ လျှော့စားပါ     
အရှေ့တိုင်းက ကွမ်းကို ကြိုက်ကြသလို အနောက်တိုင်းက ဆေးရွက်ကြီးကို ကြိုက်တယ်။ ကြိုက်လို့ဘဲ ပုံစံမျိုးစုံလုပ်ပြီးစားကြတာ သဘာဝကျပါတယ်။ ကြိုက်တာ တခုကို ချက်ချင်းဖြတ်ခိုင်းတာ သိပ်တော့ သဘာဝမကျပါဘူး။ ဒါပေမယ့် မကောင်းတာကို သိပြီး ပြုပြင်နိုင်မှ လူ့ဘောင်ဆိုတာ တိုးတက်မှာပါ။ ဒါ့ကြောင့် စားတော့စားပါ၊ နေ့စဉ် တစ်ယာစီလောက် လျှော့စားရင်ဖြင့် သိပ်မကြာခင် ကွမ်းယာကို အလွန်အကျွံစားခြင်းမှ ကင်းဝေးနိုင်မယ်လို့ မျှော်မှန်းရပါတယ်။ 

ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၅.၁၁.၁၃)

No comments:

Post a Comment