Friday, April 10, 2015

လက်မထပ်ခင် ဆေးစစ်ရင်

လက်မထပ်ခင်ဆေးစစ်တာ ဒီနေ့မှာအတော်ခေတ်စားလာပြီ။အထူးသဖြင့် ဒီနှစ်ပိုင်းအတွင်း ပိုများလာတယ်။ သိပ်မကြာခင်တရက်ကပဲ ခပ်ငယ်ငယ်ချောချော ဆယ်ကျော်သက်စုံတွဲ တတွဲ ဆေးလာပြရင်း ဆေးစစ်သွားသေးတယ်။ ရောဂါအတွက်မဟုတ်ဘဲ အိမ်ထောင်ပြုတော့မှာမို့ကြိုပြီး ဆေးစစ်တာပါတဲ့။ မိန်းကလေးဖက်က သွေးရောဂါမျိုးရိုးရှိတာလည်း ပါမှာပေါ့။ တကယ်တော့ လက်ထပ်မယ့်စုံတွဲတိုင်း  မယူခင်ကတည်းကကြိုတင်စစ်ဆေးမှုတွေ လုပ်ထားသင့်တယ်။ ဒီစစ်ဆေးမှုဟာ ကိုယ့်အတွက်သာမက နောက်ရလာမယ့်မျိုးဆက်အတွက်ပါ အထောက်အကူပြုပါတယ်။


 ကျန်းမာရေးစစ်ဆေးမှုဆိုတာ အများထင်သလို အသက်ကြီးမှ လုပ်ရတာမျိုး မဟုတ်ပါဘူး။အနောက်နိုင်ငံတွေမှာ ကြိုတင်ကျန်းမာရေးစစ်ဆေးမှုအတွက် သူ့packageနဲ့သူ ရှိကြပါတယ်။ တခုနဲ့တခု ဈေးမတူဘူး။ဘယ်အရွယ်မှာ ဘာတွေစစ်မလဲဆိုတာနဲ့ ဘာအတွက်စစ်လဲပေါ်မူတည်ပြီး နည်းနည်းစီကွဲသွားတယ်။ လက်မထပ်ခင်ဆေးစစ်တာကို Pre-marital Checkup လို့ခေါ်ပါတယ်။ အိမ်ထောင်ပြုဖို့ရည်မှန်းထား သူတိုငိး ဆေးစစ်သင့်တယ်။ဒီလို ကြိုတင်စစ်ဆေးထားခြင်းအားဖြင့် မိမိရဲ့အိမ်ထောင်ဖက်မှာ ရောဂါရှိမရှိ သိနိုင်တယ်။အကယ်၍ ရောဂါရှိခဲ့ရင်လည်းစောစောကုသနိုင်မှာ ဖြစ်သလို  ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်တယ်။

ဘယ်အချိန်မှာစတင် စစ်ဆေးသင့်လဲ
လက်မထပ်ခင် (၆)လ အလိုလောက်ကတည်းက ကြိုစစ်ထားရင် အကောင်းဆုံးပဲ။ဒါမှရောဂါအခံတခုခုရှိရင် ကြိုတင်ပြင်ဆင်နိုင်မှာ။ အကယ်၍ရောဂါတခုခုရှိဦးတော့။ ကြိုတင်ကုသနိုင်သလို့ ကြိုတင်ကာကွယ်နိုင်မယ် မဟုတ်လား။ ကာကွယ်ဆေးထိုးဖို့လိုအပ်သူတွေလည်း ကြိုထိုးထားပါ။ ဆေးစစ်တဲ့အခါ မိမိရဲ့လိုလားချက်ကို ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးသင့်တယ်။

ဘာတွေစစ်ဆေးလဲ
ပုံမှန်အားဖြင့် သွေးနဲ့ဆီးကို မဖြစ်မနေစစ်တယ်။စစ်တဲ့အခါ ယောကျာ်း၊မိန်းမ နှစ်ယောက်လုံးစစ်မှ ပြည့်စုံပါတယ်။ မျိုးရိုး၊အသက်အရွယ်၊လိုလားချက်တွေပေါ်မူတည်ပြီး ဆေးစစ်ချက်တွေ နည်းနည်းကွာခြားနိုင်တယ်။ သွေးစစ်မှုတိုင်းမှာ အခြေခံအားဖြင့် သွေးနီဥ၊သွေးဥမွှားနဲ့ သွေးဖြူဥအမျိုးအစားတွေ ပါတဲ့ Haemogram ဆိုတာ မဖြစ်မနေစစ်ရတယ်။ဈေးသိပ်မကြီးပေမယ့် ရလာတဲ့ အကျိုးကျေးဇူးကတော့ မသေးဘူး။ဟေမိုဂလိုဘင်ပမာဏ၊သွေးအားနည်းရောဂါ၊ တခြားသွေးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကိုပါ သိနိုင်တယ်။ သွေးအမျိုးအစားမသိရင် စစ်ပါ။ သွေးအမျိုးအစားတွေထဲမှာမှ (A,B,O blood group)နဲ့ အာရ်အိခ်ျ Rh အမျိုးအစား စစ်သင့်တယ်။ တယောက်သွေးကိုတယောက်မှတ်ထားပါ။ Rh(-)ဖြစ်တဲ့ မိခင်ဟာ ကလေးမွေးတဲ့အခါ သတိထားသင့်တယ်။ 

နာတာရှည်ရောဂါတွေထဲက သွေးတိုးနဲ့ ဆီးချို စစ်ဖို့ လိုအပ်ပါတယ်။ ဒီဖက်ခေတ်မှာ အစားအသောက်အနေအထိုင်တွေပြောင်းလဲလာတာနဲ့အမျှ ကလေးဆီးချိုတွေလည်း ပိုများလာပြီ။   ဆီးချိုရှိသူဟာ သူများထက် ကလေးရနိုင်ချေပိုနည်းတာ ထည့်တွက်ရမယ်။ ကိုယ်တွင်းအင်္ဂါ  ကျောက်ကပ်၊အသည်း၊နှလုံးကောင်းမကောင်း တခါတည်းစစ်ပါ။ လိုအပ်ရင် အီးစီဂျီ၊ရင်ဘတ်ဓာတ်မှန်ရိုက်ပါ။ရောဂါပိုးတွေထဲက  အခုခေတ်စားနေတဲ့ ဘီပိုး ၊စီပိုး ၊အိတ်ခ်ျအိုင်ဗွီ နဲ့ကာလသားရောဂါပါမကျန် စစ်သင့်တယ်။ ရောဂါတွေက လူကြီးတင်မက ကလေးကိုပါ ထိခိုက်စေလို့ပါ။ ဘီပိုးကာကွယ်ဆေး မထိုးရသေးရင် ကြိုထိုးထားပါ။


တခြား ဘာတွေစစ်ဦးလဲ
အမျိုးသားတွေမှာ ကလေးရနိုင်ချေသိအောင် သုတ်ပိုးပါထည့်စစ်သင့်ရင် ပိုကောင်းတယ်။အမျိုးသမီးတွေလည်း အတူတူပဲ။ ရာသီမမှန်ရင် ဆရာဝန်နဲ့တိုငိပင်ပြီး လိုအပိတာတွေ ကြိုစစ်ထားသင့်တယ်။ ကလေးယူဖို့ စိတ်ကူးထားတဲ့ အမျိုးသမီးတွေအနေနဲ့ မျိုးဥကိုအရင် စစ်ပါ။ မျိုးဥကြွေမကြွေ အလွယ်တကူ ဆီးစစ်တံနဲ့စစ်လို့ရတယ်။လိုအပိရင် ဗိုက်ကိုအက်ထရာဆောင်း ရိုက်ပါ။  သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ကြိုထိုးထားပါ။မျိုးရိုးထဲမှာ သွေးနဲ့ ပတ်သက်တဲ့ရောဂါရှိသူတွေဟာ  အထူးသတိထားပါ။ အရင်က ဖြစ်ဖူးတဲ့ရောဂါတွေရှိရင်  တခါတည်းပြောပါ။ ဥပမာ အတက်ရောဂါမျိုး။ အဝလွန်ရောဂါရှိသူတွေဟာ မြုံတတ်တာမို့ အဝလွန်ရောဂါရှိမရှိ စစ်ပါ။ အဝလွန်ရောဂါရှိသူမှာ ကိုလက်စတော၊ထရိုင်ဂလစ်စရိုက် ထပ်စစ်သင့်တယ်။ genetic testing ထည့်စစ်ရင် ကလေးမှာ မျိုးဗီဇရောဂါကြိုတွက်နိုင်တယ်။လိုအပ်ရင် ဟော်မုန်း၊ခုခံအားရောဂါတွေကိုပါ ထည့်စစ်ပေးရတယ်။  ဆေးစစ်ချက်တွေအားလုံးကို ဆရာဝန်နဲ့တိုငိပင်ပြီး သေချာစစ်သင့်တယ်။


ဘာအကျိုးကျေးဇူးတွေရလဲ
နာတာရှည်ရောဂါ၊ကူးစက်ရောဂါ၊မွေးရာပါရောဂါ၊ သွေးရောဂါ၊ကလေးရောဂါတွေကို ကြိုသိနိုင်တယ်။ မှုခင်းဆေးပညာမှာ သွေးအမျိုးအစားကြည့်ပြီး ကိုယ့်သားသမီးဖြစ်နိုင်၊မဖြစ်နိုင် ပြောလို့ရတယ်။ ဒါ့ပြင်မွေးလာမဲ့ကလေးက အန္တရာယ်ကင်းရဲ့လား၊ ရောဂါဖြစ်နိုင်မလား ကြိုတင်ခန့်မှန်းနိုင်တယ်။  စိတ်ပိုင်းရုပ်ပိုင်း လုံခြုံမှုကိုရရှိစေမှာကြောင့် နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ လူမှုရေး၊ကျန်းမာရေးပြဿနာတွေကို အထိုက်အလျှောက်လျှော့နည်းသွားစေမှာ ဖြစ်ပါတယ်။ 


မေးခွန်းဆယ်ခုနဲ့ အိမ်ထောင်ဖက်

လက်ထပ်မယ်စိတ်ကူးတဲ့ အိမ်ထောင်သည်တိုင်း ကြိုသိထားသင့်တဲ့ မေးခွန်း(၁၀)ခုရှိပါတယ်။ 
(၁)လက်ထပ်မယ့်သူဟာ မိမိအပေါ် တကယ်ချစ်မြတ်နိုးသူဟုတ်ရဲ့လား။
(၂)လက်ထပ်ပြီးတဲ့အခါ ကိုယ့်ကိုပျော်ရွင်အောင် တကယ်ကော ထားနိုင်ရဲ့လား။
(၃)သူ့မှာ ငွေရေးကြေးရေးအပါအဝင် မိသားစုစီမံကိန်းကော ရှိလား။
(၄)အိမ်ထောင်ဖက်ဟာ အသောက်အစား၊အပျော်အပါး မက်မောသူလား။
(၅)အိမ်ထောင်ပြုပြီးတဲ့အခါ ကလေးယူဖို့ ဆန္ဒရှိလား။ 
(၆)အိမ်ထောင်ဖက်မှာ ဘာရောဂါတွေ ရှိသလဲ။
(၇)ဆွေမျိုးသားချင်းတွေက ဘယ်ရောဂါနဲ့ ဆုံးပါးတာလဲ။
(၈)အိမ်ထောင်မပြုခင် ဆေးစစ်ချက်တွေအားလုံး လုပ်ပြီးပြီလား။
(၉)ကာကွယ်ဆေးတွေ ပြည့်ပြည့်စုံစုံ ထိုးထားရဲ့လား။
(၁၀)ဝက်ရူးပြန်၊ အတက်ရောဂါရှိလား။
အထက်ပါအချက်တွေထဲဟာ အိမ်ထောင်ပြုမယ့်သူတိုင်းလည်း သိထားသင့်တဲ့အချက်တွေပါ။  အောက်ဆုံးငါးချက်ကတော့ ကျန်းမာရေးနဲ့ ပိုသက်ဆိုင်ပါတယ်။ ဒီအချက်တွေ သိပြီးပြီလား ကိုယ့်ဘာသာ ပြန်မေးကြည့်ပါ။ မသိသေးတာတွေ သိအောင် အရင်လုပ်ပါ။

လက်မထပ်ခင် ဆေးစစ်စေချင်
လူတိုင်းဟာလပ်ထပ်ဖို့ ပြင်ဆင်ကြပြီဆိုရင် အဝတ်အစား၊အလှအပနဲ့ ဂုဏ်ပကာသနအတွက် အရင် ဦးစားပေးပြင်ဆင်လေ့ရှိပါတယ်။ တကယ်အရေးကြီးတဲ့ ကျန်းမာရေးစစ်ဆေးမှုကိုတော့ အများစုက မေ့ထားကြတယ်။ တကယ်ဆို ဘဝအတွက်အရေးကြီးဆုံးအချိန်မှာ ကျန်းမာရေးအတွက် အချိန်တခုလောက် ပေးသင့်ပါတယ်။ သိပ်များများမဟုတ်ဘူး။ တရက်လောက် ပေးရုံနဲ့ ဆေးစစ်လို့ရပါပြီ။ စစ်ဆေးမှုအများစုက  ဈေးမကြီးသလို လူလည်း မပန်းဘူး။ ဒါပေမယ့် ရလာတဲ့ အကျိုးကျေးဇူးက သိပ်ကြီးပါတယ်။ ဒါ့ကြောင့်အိမ်ထောင်ပြုဖို့ရည်ရွယ်တဲ့ စုံတွဲတိုင်း ဘဝအတွက်အရေးကြီးတဲ့ကာလမတိုင်ခင်  ဆေးစစ်ထားကြဖို့ အသိပေးပါရစေ။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၆.၄.၁၅)

No comments:

Post a Comment