Friday, October 30, 2015

လမ်းလျှောက်ခြင်း

ဒီဖက်ခေတ်မှာ ကျနိးမာရေးအရ လမ်းလျှောက်ခြင်းကို လူတော်တော်များများလုပ်လာကြပါပြီ။ မအားလပ်သူတွေက မနက်စောစောထပြီး လမ်းလျှောက်ကြတယ်။ လမ်းလျှောက်တဲ့အခါ နှေးနှေးလျှောက်တာရှိသလို တချို့က မြန်မြန်လျှောက်တယ်။လမ်းလျှောက်တာကြည့်ပြီး လူ့သဘောခန့်မှန်းသူတွေလည်း မနည်းပါဘူး။လမ်းလျှောက် မြန်သူတွေကို ယေဘုယျအားဖြင့် စိတ်မြန်သူတွေဖြစ်တယ်လို့ ကောက်ချက် ချကြတယ်။ တိကျတဲ့လေ့လာစမ်းသပ်မှုတွေ 
ဘယ်လောက်ရှိလဲ မသိပေမယ့် တွေ့ဖူးသူတွေကို ကောက်ချက်ချရရင် အဆိုပါအချက်ဟာ မှန်ကန်ပါတယ်။ လမ်းလျှောက်မြန်သူဆိုတာ 
တစ်နာရီကို သုံးမိုင်အထက်လမ်းလျှောက်သူများကို ခေါ်တယ်။ ပိုမြန်မြန် လျှောက်သူတွေကို jogging ခေါ်တယ်။ တစ်နာရီ ၅မိုင်ခန့်  လမ်းလျှောက်သူတွေဖြစ်ပါတယ်။ 


လမ်းလျှောက်တာတော့ ဟုတ်ပြီ။ လမ်းလျှောက်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေရနိုင်သလဲ။ ကျန်းမာရေးအတွက်ကော ဘာတွေကောင်းနိုင်လဲ မေးစရာရှိတယ်။ အနောက်တိုင်းဆေးပညာရဲ့ ဖခင်ကြီးအဖြစ်သတ်မှတ်ထားတဲ့ ဟစ်ပိုခရေးတီး ကတော့ "လမ်းလျှောက်ခြင်းဟာ လူတစ်ယောက်အတွက် အကောင်းဆုံး ဆေးတလက်"လို့ ဆိုတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာလောက်က ဟစ်ပိုခရေးတီးက ဒီလိုပြောတော့ နှစ်ဆယ့်တစ်ရာစု ခေတ်သစ်ပညာရှင်အချို့က ဟုတ်နိုင်ပါ့မလား ဒွိဟပွားချင်ကြတယ်။ 

ဘာ့ကြောင့်လဲဆိုတော့ လမ်းလျှောက်တယ်ဆိုတာ ခြေထောက်ပါသူတိုင်း လုပ်နိုင်တဲ့ အလွယ်ကူဆုံး အလုပ်မဟုတ်လား။ ဒီလောက်လွယ်တဲ့ အလုပ်လေးလုပ်ရုံမျှနဲ့ကျန်းမာရေးအတွက် အကောင်းဆုံးဆိုတာ ဖြစ်နိုင်ပါ့မလား။ လက်တွေ့ကျချင်တဲ့ ပညာရှင်အချို့က လမ်းလျှောက်ခြင်းဆိုင်ရာ လေ့လာမှုအမျိုးမျိုး လုပ်လာကြတယ်။လေ့လာမှုတွေကို အဖြေထုတ်တော့ အောက်ပါအတိုင်း တွေ့ရှိရပါတယ်။
-သွေးတွင်းကိုလက်စထော လျှော့ကျစေတယ်။
-သွေးပေါင်ချိန်ကို ကျဆင်းစေတယ်။
-နှလုံးရောဂါဖြစ်နှုန်း သိသိသာသာ လျှော့ပါးသွားစေတယ်။

- ဆီးချိုထိန်းရတာ ပိုမိုလွယ်ကူစေတယ်။
-အသက်ကြီးသူတွေ မှတ်ဥာဏ်အားကောင်းစေလို့  အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်းမှ  ကာကွယ်ပေးနိုင်တယ်။
-လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်လာတဲ့ endorphins ဟော်မုန်းတမျိုးကြောင့် စိတ်ခံစားမှုကောင်းစေတယ်။
-ဇီဝဖြစ်စဉ်ကို မြန်ဆန်စေလို့ စားဝင်အိပ်ပျော်စေတယ်။ ခုခံအားနဲ့ တက်စေတယ်။
-အရိုးသိပ်သည်းစကို များစေတာကြောင့် သွေးဆုံးပြီးအမျိုးသမီးတွေ အရိုးပါးခြင်းမှ ကာကွယ်ပေးတယ်။
-ကိုယ်အလေးချိန် ထိန်းသိမ်းပေးပြီး အစားအသောက်ပါ ဆင်ခြင်နိုင်ရင် ဝိတ်ကျစေတယ်။
-သားမြတ် ကင်ဆာနဲ့ အူမကြီးကင်ဆာကို ကာကွယ်နိုင်တယ်လို့ဆိုပါတယ်။
ဒီအချက်တွေကို ခြုံကြည့်တဲ့အခါ ဘာတွေ့လဲဆိုတော့ လမ်းလျှောက်ခြင်းဟာ ဘေးထွက်ဆိုးကျိုးမရှိတဲ့ အကောင်းဆုံး ရောဂါကာကွယ်နည်းဆ်ုတာတွေ့ရှိရတယ်။ 
လူတယောက် နေ့စဉ် ဘယ်လောက် လမ်း လျှောက်မလဲ။
လူတစ်ယောက်ဟာ တနေ့ကိုအနည်းဆုံး ခြေလှမ်း တစ်သောင်းလောက်တော့ ပုံမှန်လျှောက်သင့်တယ်လို့ အမေရိကန်သုသေသနတစ်ခုက ဆိုထားတယ်။ဒါဟာ တရက်ကို နှစ်မိုင်၊သုံးမိုင်နီးပါး လမ်းလျှောက်သင့်တဲ့သဘောပါ။ ဒါ့ကြောင့် တရက်ကို အနည်းဆုံး နာရီဝက်(သို့မဟုတ်) တပတ်မှာ ၁၂ မိုင် နီးပါး လမ်းလျှောက်သင့်တယ်။ တထိုင်တည်း နာရီဝက်မလျှောက်နိုင်ရင်တောင် ဆယ်မိနစ်စီခွဲပြီး သုံးကြိမ်လောက် အချိန်ပေး လမ်း လျှောက်သင့်တယ်။ ဒါမှမဟုတ် တပတ်မှာ အနည်းဆုံး သုံးကြိမ်တော့ လမ်းလျှောက်ပေးသင့်တယ်။ 
လူတိုင်းလမ်းလျှောက်တတ်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ လမ်းလျှောက်မှုပုံစံဆိုတာတော့ ရှိတယ်။ လမ်းလျှောက်တဲ့အခါ ကိုယ်နေဟန်ထားက အရေးကြီးဆုံးပဲ။ ကိုယ်နေဟန်ထားမှားရင် ဒူးနာ၊ခါးနာ၊ ခြေထောက်နာတာမျိုးဖြစ်နိုင်တယ်။လူတွေရဲ့ လမ်းလျှောက်တဲ့ပုံစံကို သုံးသပ်ကြည့်ရင် ပထမဆုံး ခြေတလှမ်းစလှမ်းတယ်။ရှေ့ခြေလှမ်းရဲ့ ဖနောင့်ဟာ မြေကြီးနဲ့ အရင်ထိပါတယ်။ ပြီးရင် ခြေဖဝါး၊ ခြေဖျားအစရှိသဖြင့် အစဉ်လိုက် ထိရတယ်။ ရှေ့ခြေဖျား မြေကြီးထိချိန်မှာ နောက်ခြေကရှေ့ရောက်ဖို့ အစဉ်တစိုက် လိုက်ပါရတယ်။ပြေးတာနဲ့ကွာတဲ့အချက်က ဒါပဲ။ လမ်းလျှောက်တဲ့အခါ ခြေတဖက်ကတော့ မြေကြီးနဲ့ အစဉ်အမြဲထိနေရတယ်။ ပြေးတာကျ မတူတော့ဘူး။ ခြေတဖက်က အဲလို ထိချင်မှ ထိနေလိမ့်မယ်။ ဒါဟာပြေးတာနဲ့ လမ်းလျှာက်တာရဲ့ ကွာခြားချက်ဖြစ်တယ်။ ဘယ်လိုဖြစ်ဖြစ်လမ်းလျှောက်တဲ့အခါ ပုံစံတကျ လမ်းလျှောက်သင့်တာတော့ သေချာတယ်။
အောက်မှာ ဆက်လက်ဖော်ပြမှာက လမ်းလျှောက်ခြင်း ဥပဒေသတွေ ဖြစ်တယ်။ ဒါတွေသိပြီးမှ လမ်းလျှောက်သင့်တယ်။
(၁)လမ်းမလျှောက်ခင် သွေးပူလေ့ကျင့်ခန်း အရင်လုပ်သင့်တယ်။ သွေးပူလာရင် အကြောလျှော့လေ့ကျင့်ခန်း စတင်လုပ်ဆောင်ပါ။ခြေထောက်၊ပေါင်၊ဒူး၊ခြေသလုံးကြွက်သားတွေအပြင် အခြားကြွက်သားတွေပါ အကြောလျှော့ပေးရမယ်။ အကြောလျှော့လေ့ကျင့်ခန်းဆိုတာ ကြွက်သားမျှင်တွေကို ဆန့်တန်းစေခြင်းပဲ ဖြစ်ပါတယ်။
(၂)အကြောလျှော့ပြီးတာနဲ့ လမ်းလျှောက်လို့ရပါပြီ။ ပထမ ၅မိနစ်မှာ ခပ် ဖြည်းဖြည်းစလျှောက်ပါ။ နောက်ပ်ုင်း ပုံမှန်အတိုင်း လျှောက်ပါ။ 
(၃)လမ်းလျှောက်စဉ် ခေါင်းကို မတ်မတ်ထားပြီး မျက်လုံးက ရှေ့တန်းတန်းကိုသာ ရှုသင့်တယ်။ လမ်းလျှောက်ရင်း ဘယ်ညာလှဲ့တာ မလုပ်သင့်ပါ။
(၄)လက်နှစ်ဖက်ကို ဟန်ချက်ကျကျ လွှဲလျှောက်ရမယ်။ လက်လွှဲတဲ့အခါ ရင်ညွန့်ရိုးကို မကျော်သင့်ဘူး။ လွှဲတဲ့လက် ဘယ်နဲ့ညာဟာ ၉၀ ဒီဂရီ ရှိသင့်တယ်။ လက်သီးမဆုပ်ရဘူး။အားမထဲ့ရဘူး။ 
(၅)လက်ကို ကိုယ်ခန္ဓာနဲ့ကပ်ပြီး လွှဲသင့်တယ်။ခန္ဓာကိုယ်ကို ဖြတ်ပြီး လက်နှစ်ဖက်ကို မလွှဲရပါ။ ခြေ၊လက်တွေကို လိုက်ဖက်ညီညီ လုပ်ရှားသင့်တယ်။ 
(၆)လမ်းလျှောက်တဲ့အခါတိုင်း ခြေကျင်းဝတ်ကို အားပြုပြီး လျှောက်သင့်တယ်။ ခြေကျင်းဝတ်ကိုပဲ အလုပ်ပေးပါ။ ဒူးသိပ်မြှောက်တာမျိုး မလုပ်နဲ့။အကြောလွဲ၊ခြေထောက်နာ ဖြစ်နိုင်တယ်။
(၇)လမ်းလျှောက်တဲ့အခါ ဗိုက်ကို အမြဲချပ်ထားသင့်တယ်။ သို့သော် အသက်ရှုအောင့်ဖို့ မလိုအပ်ပါ။စိတ်ကို တင်းတင်းကြပ်ကြပ်ထားတာမျိုး တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး ပေါ့ပေါ့ပါးပါး လမ်းလျှောက်သင့်တယ်။
(၈)လမ်းတခါလျှောက်တိုင်း အနည်းဆုံး နာရီဝက်လျှောက်ဖို့ လိုအပ်ပါတယ်။
(၉)လမ်းလျှောက်ပြီးခါနီး နောက်ဆုံး ၅မိနစ်က်ု ဖြည်းဖြည်းမှန်မှန်သာ လျှောက်သင့်တယ်၊အားလုံးပြီးရင် အကြောလျှော့ သွေးပူလေ့ကျင့်ခန်း လုပ်ပြီးမှ နားပါ။

လမ်းလျှောက်တဲ့အခါ အဆင်ပြေချောမွေ့အောင် လိုက်နာသင့်တဲ့အချက်တွေ ရှိသေးတယ်။ 
(၁)ရာသီဥတုနဲ့ကိုက်ညီတဲ့ ခပ်ပျော့ပျော့ အဝတ်အစားတွေကိုသာ ဝတ်ဆင်သင့်တယ်။ အရမ်းကျပ်တဲ့ အဝတ်အစားမျိုး မဝတ်ဆင်သင့်ဘူး။
(၂)အဖိုးတန်လက်ဝတ်ရတနာတွေ ဝတ်မလာသင့်ပါ။ကြွားဝါဖို့မလိုပါ။ မိန်းကလေးတွေ ပိုသတိထားရမယ်။ နာရီကလွဲရင် ကျန်တာဝတ်မလာပါနဲ့။
(၃)မနက်စောစော ဝေလီဝေလင်းလမ်းလျှောက်သူတွေဟာ ထင်သာ၊မြင်သာရှိတဲ့ ခပ်တောက်တောက် အရောင်မျိုး ဝတ်ပြီး လျှောက်သင့်ပါတယ်။ 
(၄)မိမိနဲ့ကိုက်ညီတဲ့ ဖိနပ်ကိုသာ ရွေးချယ် ဝတ်ဆင်ပါ။ ခွာမြင့်ဖိနပ်၊မာတဲ့ဖိနပ်တွေ ဟန်ချက်ပျက်စေတယ်။  
(၅)အသက်ကြီးရင့်သူများ  အဖော်ပါမှလျှောက်သင့်တယ်။ မလဲအောင် တုတ်ကောက်(သို့)တောင်ဝှေးတချောင်းအမြဲ ဆောင်ထားပါ။ သူငယ်ချင်း၊မိတ်ဆွေ၊အပေါင်းသင်းတွေပါလာရင် ပိုကောင်းတယ်။
လမ်းလျှောက်တဲ့အခါ အရေးကြီးဆုံးအချက်က စိတ်ကို မပျံ့လွင့်စေဘဲ လမ်းလျှောက်ခြင်းအပေါ်မှာသာ အာရုံရောက်စေသင့်တယ်။ တရက်တည်း ပြင်းပြင်းထန်ထန် လမ်းလျှောက်တာထက် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ခြင်းသာ ရေရှည်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ စာဖတ်သူအားလုံး လမ်းမှန်မှန်လျှောက်တတ်ကြပါစေ။

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၂၈.၉.၁၅)

No comments:

Post a Comment