Tuesday, May 13, 2014

ADHD စိတ်လိုက်မာန်ပါ စိတ်ဂဏှာမငြိမ်တဲ့ပြဿနာ

ဒေါက်တာခင်ဗျား
ဆေးပညာဆောင်းပါးဘလော့ကို ဖတ်ပြီး ကျွန်တော်ပါ မေးချင်လာလို့ အားကိုးစွာ စာရေးသားလိုက်ပါတယ်။ 
ကျွန်တော် ADHD ရောဂါရှိပါတယ်။ အရွယ်ရောက်ပြီးမှ သိတာပါ။ ငယ်တုန်းက ကျွန်တော်ရော မိဘတွေရော ဒီရောဂါအကြောင်း ကြားတောင် မကြားဖူးပါဘူး။ ဆိုတော့ ကျွန်တော် ငယ်ငယ်က ဘာကုသမှုမှ မရနိုင်ခဲ့ပါဘူး။

ကျွန်တော် ခံစားရတာတွေက
စိတ်တွေ ပျံ့လွင့်လွယ်တာ၊ အမြဲတမ်း အတွေးများနေတတ်တာ။။
ကျောင်းအမြဲနောက်ကျတာ၊ သူငယ်ချင်းတွေနဲ့ အချိန်းအချက်တွေ အမြဲ နောက်ကျတာ။
ကျွန်တော့်အခန်းက အမြဲ ညစ်ပတ်ရှုပ်ပွနေတာ၊ သူများတွေ သပ်သပ်ရပ်ရပ် လာရှင်းပေးသွားလဲ ခဏနေ ပြန်ပွတာ။
အပြင်သွားခါနီးရင် ပစ္စည်းတွေ ရှာမရတာ၊ ဘယ်ထားမိမှန်း မသိတာ။
assignment တွေ အချိန်မီ မပြီးတာ၊ လုပ်စရာရှိတာတွေ ပြီးရမယ့်အချိန် မပြီးဘဲ အမြဲ တိုးလို့တန်းလန်း ဖြစ်နေတာ။
စကားပြောမြန်တာ။
စိတ်နဲ့လူ မကပ်ဘူးလို့ အပြောခံရတာ။
အဲဒါတွေ ဖြစ်ပါတယ်။ ကျွန်တော် Strattera သောက်ခဲ့ပါတယ်။ စစချင်း အာရုံစိုက်နိုင်သလို ရှိပေမယ့် နောက်တော့ ဘာမှ မထူးခြားဘူး။ အခု မသောက်တော့ဘူးအစ်ကို။ 

ကျွန်တော် တရားထိုင်ကြည့်တော့ Attention power အခု တော်တော် တိုးတက်လာပါတယ်။ ကျွန်တော်အခန်းက အရင်ကဆို အမြဲ ရှုပ်ပွနေလို့ သူငယ်ချင်းတွေ လာလည်ရင် အခန်းထဲ ပေးမ၀င်ချင်ဘူး။ အခု သူများနည်းတူ သပ်သပ်ရပ်ရပ် ဖြစ်လာပါပြီ။ သူငယ်ချင်းတွေ လာလည်ရင် ပေးဝင်ရမှာ ၀န်မလေးတော့ဘူး။ အချိန် နောက်ကျတာတွေလဲ နည်းလာတယ်.။ လုံးဝ မရှိတော့တာတော့ မဟုတ်ပါဘူး။ အရင်က ၁၀ ရက်မှာ ၇ ရက် နောက်ကျရင် အခု ၁၀ ရက်မှာ တစ်ရက်လောက်ပဲ နောက်ကျတော့တယ်။ 
အပြင်သွားရင်လဲ အရင်လို ဘာမှ အဆင်သင့် မဖြစ်လို့ နောက်ကျတာ၊ ဟိုပျောက်ဒီပျောက် ဖြစ်နေလို့ အိမ်ကမထွက်ခင် ရှာနေရတာ မရှိတော့ပါဘူး။ ရုတ်တရက် သွားစရာပေါ်လာရင်တောင် ချက်ချင်း အ၀တ်လဲ၊ လိုတဲ့ပစ္စည်းယူပြီး အိမ်ကထွက်လိုက်ရုံပဲ။ ဒါတွေက ဒေါက်တာတို့လို ရောဂါမရှိတဲ့လူတွေအတွက် ဘာမှ မခက်တော့ ဘာထူးဆန်းလို့လဲကွာ ထင်ချင်ထင်မှာပါ။ ကျွန်တော်တို့အတွက်က အရမ်းခက်ပါတယ်။ အရင်ကဆို ကျွန်တော် ဘယ်လောက်ကြိုးစားကြိုးစား ဘာမှ အချိန်မီ အဆင်သင့် မရှိပါဘူး။ 

ကျွန်တော် အခု  အင်တာနက်မှာ ADHD test အကြိမ်ကြိမ် လုပ်ကြည့်တော့  ' ရောဂါမရှိဘူး သို့မဟုတ် ရှိနိုင်ခြေ low possibility ရှိတယ်'လို့ အဖြေထွက်ပါတယ်။ 
အရင်တုန်းက အခြေအနေက Severe ADHD လို့ အဖြေထွက်ပါတယ်။ 
ကျွန်တော် ဆေးအနေနဲ့ကတော့ Omega 3 သောက်ပါတယ်။ တခြားဆေးတွေက ဈေးကြီးလို့ မတတ်နိုင်တာရယ်၊ ပုံမှန်ရဖို့ ခက်တာရယ်ကြောင့် မသောက်ဖြစ်ပါဘူး။ 
ကျွန်တော် ရောဂါပျောက်တဲ့အထိ ဖြစ်ချင်ပါတယ်။ ဒါမှမဟုတ် under controlled ဖြစ်ချင်ပါတယ်။ meditation အပြင် ဘာတွေ လုပ်ရမလဲ ဘာတွေ လိုက်နာနေထိုင်ရမလဲ ညွှန်ကြားပါခင်ဗျား။ 

လေးစားစွာဖြင့်
__



ADHD(Attention deficit hyperactivity disorder)ရဲ့ အဓိကပြဿနာက အပြုအမူလုပ်ဆောင်ချက်တွေကို ဒုက္ခပေးတာပါ။အဓိကလက္ခဏာတွေက စိတ်မြန်ပြီး စိတ်လိုက်မာန်ပါ လုပ်တာ၊စိတ်အာရုံပျံ့လွင့်တာ၊အမြဲတမ်းကဏှာမငြိမ်ဖြစ်တာမျိုး တွေ့ရတယ်။အပြုအမူ၊စိတ်အပြောင်းအလဲမြန်တယ်။ ဒီအချက်ကပဲ လူမှုရေး၊စိတ်ပိုင်းဆိုင်ရာ၊အသိပညာတိုးတက်မှုကို ထိခိုက်စေတယ်။ 

လေ့လာမှုတွေအရ ယူကေမှာ ကျောင်းနေစအရွယ် ကလေးငယ် (၁၀၀)မှာ ငါးယောက် ဖြစ်တာ တွေ့ရတယ်။ ရာခိုင်နှုန်းအားဖြင့် ၅ရာခိုင်နှုန်း ဖြစ်တယ်။ သေချာတွက်ကြည့်ရင် လူအယောက်(၂၀)ရှိတိုင်း တယောက်ဟာ ADHDရှိတဲ့သဘောဆောင်တယ်။ ယောကျာင်္းလေးတွေမှာ ၃ဆလောက်ပို ဖြစ်တယ်။အများစုဟာ အသက်(၅)နှစ်ကျော်မှ ရောဂါအမည်တပ်နိုင်ကြတယ်။

ဘာ့ကြောင့်ဖြစ်စေလဲ
ရေရေရာရာတိတိကျကျမသိရသေးပါ။ ဖြစ်နိုင်ချေများတဲ့ အကြောင်းက-
-Genetics(မျိုးရိုး)
-antenatal problem(ကလေးကိုယ်ဝန်ဆောင်ချိန် ပြဿာရှိတာ)
-obstetric problem(မွေးဖွားစဉ်ပြဿနာရှိတာ)
-severe deprivation(မိဘရဲ့ မေတ္တာ၊အလိုလိုက်မခံရတာ)

ADHDမှာ ပုံစံ(၃)မျိုး ရှိပါတယ်။
1.Hyperactive-impulsive subtype
• စိတ်ဂဏှာမငြိမ်တာ သိသာနေမယ်
• ကလေးလိုပဲ နေရာမကြည့် လုပ်ချင်ရာလုပ်တယ်၊
• ဆူညံစွာ ဆော့ကစားတယ်
• စကားလိုတာထက် ပိုပြောတယ်
• ငြိမ်မနေ တခုခုလှုပ်နေမှ ကျေနပ်တယ်
•တခြားလူကို အနှောက်အယှက်ဖြစ်စေတယ်
2.inattention subtype
• စိတ်အာရုံစုစည်းမရဖြစ်မယ်
• နမော်နမဲ့နိုင်တယ်
• ခိုင်းတဲ့ပြောတဲ့အတိုင်း မလိုက်နာတတ်ဘူး
•ပစ္စည်းမေ့နေ၊ပျောက်နေတာမျိုး အမြဲရှိတယ်
•အာရုံစူးစိုက်မှု မရှိလို့ ဘာလုပ်လုပ်တလွဲတွေ ဖြစ်နေတတ်တယ်
3.combined subtype
• အထက်မှာ ဖော်ပြတဲ့ လက္ခဏာ(၂)မျိုးလုံးရှိတယ်

ဒီလိုလက္ခဏာတွေကြောင့် စကားပြောတာ၊စာသင်ကြားရာမှာ အခက်တွေ့ရတယ်။ကြာလာတော့ ကိုယ့်ဘာသာ စိုးရိမ်ပူပန်လာပြီး စိတ်ဓာတ်ကျလာတယ်။ စိတ်ဓာတ်ကျလေ၊စိတ်အာရုံစူးစိုက်မရလေဖြစ်ပြီး သံသရာလည်နေတော့တယ်။ အဓိကအားဖြင့် ကိုယ့်စိတ်ကိုငြိမ်အောင် မထိန်းနိုင်လို့ ဖြစ်တာပါ။

ADHDနဲ့ အလားတူဖြစ်နိုင်ချေရောဂါ
-စိတ်ဂဏှာမငြိမ်ရောဂါ
-စိတ်တိုလွယ်၊စိတ်ကျလွယ်ရောဂါ
-သိုင်းရွိုက်ဟော်မုန်းများခြင်း
-စိတ်ဆန္ဒစော၊စိတ်မထိန်းနိုင်တဲ့ရောဂါ

ADHDဖြစ်ဖို့ ဆရာဝန် ဖြစ်သူက criteriaစံချိန်စံညွှန်းတွေနဲ့ သတ်မှတ်ရတယ်။ ဥပမာအားဖြင့် ခံစားရတဲ့လက္ခဏာတွေဟာ အနည်းဆုံး(၆)လ ရှိရမယ်ဆိုတာတွေ၊နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေတဲ့အချက်တွေ၊တခြားရောဂါအခံ ရှိ၊မရှိ ကြည့်ရတဲ့အပိုင်းတွေ ရှိပါတယ်။ 

ADHD လို့သေချာရင် ဆက်လက်လုပ်ဆောင်စရာအချက်(၄)ချက်ရှိပါတယ်။
•    Education(သင်ကြားရေး)
•    Structure, support, and coaching(အထောက်အကူပေးပြုပြင်ရေး)
•    Various forms of psychotherapy(စိတ်လေ့ကျင့်ခန်း)
•    Medication(ဆေးဝါး)

ရောဂါကုသတဲ့ အဓိကဆေးသုံးမျိုး
-Methylphenidate (Ritalin®) 
-Atomoxetine(Strattera)
-Dexamfetamine
ဆေးတွေကို အထူးကုရဲ့ ညွှန်ကြားချက်အောက်မှာ သုံးစွဲရတယ်။ အသက်(၆)နှစ်အောက်တွေကို ဆေးမပေးပါ။
ဆေးပေးခြင်းကြောင့် အပြုအမူလေ့ကျင့်သင်ကြားရေး ကုသမှုထက်စာရင် ပိုကောင်းလာတာ တွေ့ရတယ်။ 

Methylphenidate ဆိုတာ အသုံးများဆုံးဖြစ်ပါတယ်။ဦးနှောက်ထဲမှာ ရှိတဲ့ dopamineပမာဏများစေတယ်။ stimulant စိတ်အာရုံကိုနိုးဆွပေးတယ်။ စိတ်တည်ငြိမ်ပြီး စိတ်စုစည်းမှုကောင်းလာတယ်။ တဖြည်းဖြည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်လာနိုင်တယ်။ ဘေးထွက်ဆိုးကျိုး ညအိပ်မပျော်တာ၊အစားအသောက်ပျက်ပြီး ပိန်လာတာ ရှိတယ်။ ဆေးပေးစမှာ အနည်းဆုံးကစပြီး ဖြည်းဖြည်းချငိးတိုးပေးရတယ်။ ပေးစမှာ 5mg တနေ့သုံးကြိမ်၊တပတ်ကို 15mgနှုန်းနဲ့ တင်တယ်။ ၁လအကြာမှာ 20mg တနေ့သုံးကြိမ်လောက် အများဆုံး ပေးနိုင်တယ်။ ဆေးပေးပြီး နာရီဝက်အတွင်း အာနိသင်ပြတယ်။ ဆေးတလုံးဟာ ၄နာရီလောက်ခံတယ်။ ဆေးပမာဏခန့်မှန်းလာနိုင်ရင် ကြာကြာခံတဲ့ long-acting ဆေးကို တနေ့တကြိမ်လောက် ပြောင်းပေးနိုင်တယ်။ ဆေးပေးတဲ့အခါ အထူးကုရဲ့ အနီးကပ်စောငိ့ကြပ်မှု လိုအပ်ပါတယ်။ သွေးခုန်နှုန်း၊သွေးပေါင်ချိန်၊ဝိတ်စတာတွေကို အမြဲစစ်နေရမယ်။ ကလေးအရွယ်က လူကြီးဖြစ်သည်ထိ နှစ်ချီသောက်ရတယ်။ ဆေးကို မလိုအပ်တဲ့အခါ ဖြတ်ပေးနိုင်တယ်။ဒီဆေးနဲ့မရရင် တခြားဆေးပြောင်းပေးရတယ်။ Atomoxetineဆိုတာလည်း stimulantတမျိုး ဖြစ်ပါတယ်။ ဦးနှောက်ထဲမှာ noradrenalineကို များစေတယ်။ severe ADHDမှာ ဆေးသုံးဖို့ ညွှန်ကြားပါတယ်။ ကြာရှည်သုံးတဲ့အခါ ဆေးကိုတလွဲသုံးတာမျိုး ရှိနိုင်တယ်။ အထူးသဖြင့် cocaineလိုဆေးမျိုး သုံးတဲ့အခါ ဆေးစွဲလာနိုင်တယ်။

မေးထားတဲ့အကြံပြုချက်
-ကော်ဖီသောက်တာ ရှောင်ပါ။
-လေ့ကျင့်ခန်း မှန်မှန်နဲ့ မြန်မြန်လုပ်ပါ။
-မအိပ်ခင်(၁)နာရီအတွင်း လေ့ကျင့်ခန်း မလုပ်ပါနဲ့။
-ညကတည်းက မနက်အတွက် လုပ်ဆောင်စရာတွေ ချရေးထားပါ။
-အချိန်မှန်စားပါ(နည်းနည်းစီ မကြာခဏစားပါ)
-အသားဓာတ်ကို အားပြုစားပါ။သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်နည်းပါစေ။
-စိတ်ကို အမြဲသတိပြုနေပါ(တရားထိုင်တဲ့သဘော အမှတ်နဲ့နေပါ)
-ရောဂါရှိနေသူဆိုတဲ့ စိတ်အခံမထားသင့်ပါ။
-စိတ်ဖိစီးမှုလျှော့ကျအောင် စာအုပ်ဖတ်၊တီဗွီကြည့်ပေးပါ။
-ညမအိပ်ခင်ရေနွေးနဲ့ ချိုးပေးသင့်တယ်၊စိတ်ကြည်လင်နေမယ်။

နိဂုံးချုပ်ခြင်း
ကုသတယ်ဆိုရင် လူအများစုစိတ်ထဲမှာ ပြေးမြင်လိုက်တာက ဆေးသောက်တယ်။ ဥပမာအားဖြင့် Ritalin သောက်တယ်၊ဒါမှမဟုတ် မေးထားသူသောက်တဲ့ Stratteraမျိုး၊ မှန်တာကို ပြောရရင် ဒီဆေးတွေက ရောဂါတွေကို အကုန်ပျောက်စေတာမဟုတ်ဘဲ လက္ခဏာအချို့ကို သက်သာစေတာမျိုး ဖြစ်တယ်။ ဝမ်းသာစရာအချက်က အခုမေးထားသူဟာ တဖြည်းဖြည်း ကောင်းမွန်လာတာတွေ့ရပါတယ်။ တရားထိုင်ရာကဖြစ်လာတဲ့ တိုးတက်မှုက အံ့မခန်းပါ။ အလုပ်တွေကို အံဝင်ခွင်ကျလုပ်နိုင်တာဟာ တကယ့်တိုးတက်မှုပါ။ ဆေးမလိုတဲ့တိုးတက်မှုဖြစ်လို့ ဝမ်းသာနေသင့်တယ်။ ဆေးပညာကို လေ့လာတော့ အမည်တပ်ဖို့ ကုသနိုင်ဖို့ ဘာရောဂါ၊ညာရောဂါဆိုပြီး လုပ်ရတယ်။ သိစေချင်တာက ဘယ်ရောဂါမဆို စိတ်သည်သာအဓိကပါ။ လောလောဆယ် အနောက်တိုင်းဆေးပညာကပြောတဲ့ ADHDဆိုတဲ့ နာမည်ကြီးကို မေ့ထားပေးပါ။ ရောဂါရှိတယ်လို့ မအောင့်မေ့ပါနဲ့။ အမှန်ကရောဂါစစ်စစ်မဟုတ်လို့ ကောင်းတာကိုပဲတွေးပါ။လုပ်ဆောင်ပါ။ အံဝင်ခွင်ကျဖြစ်လာတာကို တွေးရင်းကြည်နူးနေပါ။ တရားကျင့်ကြံနိုင်သူဖြစ်လို့ အကုသိုလ်ကင်းရှင်း၊လုပ်ဆောင်မှုတိုးတက်လာတာ မျက်မြင်ပါ။ မျက်မြင်တိုးတက်မှုကို ရောဂါရှိတယ်ဆိုတဲ့ အရာတခုနဲ့ ဖုံးကွယ်မထားသင့်ပါ။ တခြားကုသမှုတွေကို စိတ်ထဲစွဲမနေပဲ မေ့ပျောက်ပစ်ပါ။ တရားကစတဲ့ တိုးတက်အောင်မြင်မှုကို အရင်းပြုပြီး ဆထက်တံပိုး ဆက်လက်လုပ်ဆောင်ဖို့သာ အရေးကြီးပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၈.၅.၁၄



ဒေါက်တာခင်ဗျား
ကျွန်တော့် အစ်ကို့ပြန်စာကို ထပ်ထပ်ပြန်ဖတ်နေပါတယ်။ မရှင်းတာလေးတွေ ပြန်မေးချင်လို့ပါ။
ကော်ဖီမသောက်နဲ့ဆိုရင် လက်ဖက်ရည်ကရော သောက်လို့ ရလား၊ ရှောင်ရမလားခင်ဗျာ။
သကြားဓာတ်ကို အစ်ကိုပြောသလို ရှောင်ပါ့မယ်။ ရိုးရိုးသကြားပဲ ရှောင်ရမှာလား၊ ချိုတဲ့သစ်သီးတို့၊ ဟင်းချက်တဲ့အချိုမှုန့်တို့ရော ရှောင်ရမှာပါလား။
အစ်ကိုပြောတဲ့ ဦးနှောက်ထဲမှာ dopamine များစေတယ်ဆိုတာ ဆေးအပြင် ဒီလို များစေတဲ့ အစားအစာရော ရှိပါသလား။

ကျေးဇူးများစွာဖြင့်
__



•ကော်ဖီထဲမှာ ကဖိန်းဓာတ်ပါတယ်။ ကော်ဖီ၊လက်ဖက်ရည်၊ကာဗွန်ထည့်ထားတဲ့ ဂတ်စ်အချိုရည်တွေမှာ ကဖိန်းဓာတ်ပါကြတာချည်းပါပဲ။ ဒါ့ကြောင့် ရှောင်ရမယ့်ထဲမှာ လက်ဖက်ရည်လည်း ပါတယ်။ ကဖိန်းဓာတ်အာနိသင်က ရင်တုန်စေတယ်။ စိတ်လှုပ်ရှားစေတယ်။ စိုးရိမ်စိတ်ကဲစေတယ်။ ညအိပ်မပျော်ဘူး။ တနည်းအားဖြင့် ADHDလို လက္ခဏာမျိုးခံစားရတယ်။ ဒါ့ကြောင့် ရှောင်ပေးရတာဖြစ်တယ်။

•ရိုးရိုးသကြား(sugar)ထဲမှာ ပါဝင်တာက sucroseဓာတ်ပါ။ disaccharide အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ glucoseမော်လီကျူးနဲ့ fructose မော်လီကျူးကို ပေါင်းစပ်ထားတယ်။ ကျွန်တော်တို့စားတဲ့သကြားအများစုက ကြံကထုတ်တာဖြစ်လို့ cane sugarလို့ခေါ်မှ မှန်မယ်။ 

•fruitအသီးမှာပါဝင်တဲ့ သကြားဓာတ်က fructose ဖြစ်တယ်။ monosaccharide ဖြစ်လို့ သိပ်ခြေဖျက်စရာ မလိုအပ်ဘူး။ glucoseနဲ့ အမျိုးအစားချင်း တူတယ်။စားလိုက်တဲ့ထဲမှာ ခြေဖျက်ဖို့မလိုပဲ တိုက်ရိုက်သွေးကြောထဲရောက်တာမျိုးကို monosaccharide လို့ခေါ်ပါတယ်။ glucose၊fructose နဲ့ galactoseဆိုပြီး သုံးမျိုးရှိပါမယ်။ စပျစ်၊ပျားရည်တွေက fructose ကြွယ်ဝတယ်။ 

•ဟင်းချက်တဲ့အချိုမှုန့်ဆိုတာ သကြားဓာတ်မဟုတ်ဘူး။ တကယ်တမ်းက ဆားဓာတ်တမျိုးပါ။ monosodium glutamate လို့ခေါ်ပါတယ်။ ဒါ့ကြောင့် သေချာအရသာခံကြည့်ရင် နည်းနည်းငန်နေတာ တွေ့ရလိမ့်မယ်။ ဂျပန်နိုင်ငံကနေ စတင်ထုတ်လုပ်ခဲ့တယ်။ သွေးတိုးသမားတွေရှောင်ခိုင်းတယ်ဆိုတာ ဆိုဒီယမ် အငန်ဓာတ်ရှိလို့ ဖြစ်ပါတယ်။ 

•Dopamineဆိုတာ ပုံမှန်အားဖြင့်ကို ဦးနှောက်ထဲမှာ ရှိတယ်။ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတယ်။ Tyrosine ကြွယ်ဝတဲ့အစားအသောက်တွေက ဦးနှောက်တွင်းမှာ ရှိတဲ့ dopamine ပမာဏကို များစေတာတွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမိုင်နိုအက်ဆစ်တမျိုး ဖြစ်တဲ့ Tyrosineကနေ dopamineဖြစ်လာလို့ပါ။ ယေဘုယျပြောရရင် ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေက dopamineကို အားဖြည့်ပေးမယ်။ ဥပမာ-ကြက်ဥ၊ကြက်၊အမဲ၊ဘဲသား၊နီတဲ့အသား၊ပဲအမျိုးမျိုးက dopamine ကို ရရှိစေမယ်။ နောက်ဖောလစ်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကလည်း dopamineကို များစေတယ်။ စိမ်းတဲ့အရွက်တွေ(ဟင်းနုနွယ်၊ပန်းဂေါ်ဖီ၊မုန်လာထုပ်၊ဂေါ်ဖီစိမ်း၊ကန်စွန်း၊ကိုက်လံ)စတာတွေက ဖောလစ်ဓာတ်ကြွယ်ဝလို့ dopamineများစေမယ်။ သတိပြုရမှာက လုံးဝနွမ်းဖတ်သွားအောင် မချက်သင့်ဘူး။ folateအာနိသင် ပျက်ပြယ်နိုင်တယ်။ နီတဲ့သစ်သီးဝလံတွေလည်း ကောင်းတယ်။ ဥပမာ စတော်ဘယ်ရီ၊ပန်းသီး၊ဖရဲသီး၊ဆီးသီးခြောက် စတာတွေကလည်း ကောင်းတယ်။ dopamine များစေတယ်။ 

ရှုပ်နေတာကို အရင်ရှင်းရရင် အချိုဓာတ်မစားရတာမဟုတ်ပါ၊မရှောင်ခိုင်းပါ။ နည်းပါစေဆိုတဲ့သဘောက ပရိုတင်းကို အားပြုစေဖို့ ဖြစ်တယ်။ အစားအသောက်ထဲမှာ ပရိုတင်းဓာတ်အားဖြည့်တာနဲ့အမျှ (dopamineဓာတ်) များလာပါလိမ့်မယ်။ ဒါ့ကြောင့် အချိုဓာတ်ကို နည်းနည်းစီစားပေးနိုင်ပါတယ်။ ပိုကဲသင့်တာက ပရိုတင်းဖြစ်ပါမယ်။
တကယ် ရှောင်ခိုင်းတာက ကဖင်းဓာတ်ပါတာတွေကိုပါ။ လက်ဖက်ရည်၊ကိုကာကိုလာ ရှောင်သင့်တယ်။ ဂတ်စ်ပါအချိုရည်မသောက်ပါနဲ့။ စိတ်လှုပ်ရှားစေမယ့် ဆေးဝါး၊အရက်၊ဘီယာ ရှောင်ရပါမယ်။ ပြောသမျှ နားလည်လိမ့်မယ်ထင်ပါတယ်။ ရှုပ်နေတာထပ်ရှိသေးရင် ထပ်မေးပါ။

ဒေါက်တာ အေးမင်းထူး
၁၁.၅.၁၄



ဒေါက်တာ
ကျေးဇူးတင်ပါတယ်ခင်ဗျား။ ညွှန်ကြားချက်တွေအတိုင်း ကျွန်တော် စားနေပါပြီ။ လက်ဖက်ရည် ကိုလာတွေပါ ရှောင်ပါ့မယ်။ 
__

1 comment:

  1. မြန်​မာပြည်​မှာ Ritalin ကဲ့သို့ adhd ​ဆေး များ​ဆေးဆိုင်​​တွေ မှာ အလွယ်​တကူ ရနိုင်​ ပါသလား

    ReplyDelete