Thursday, March 19, 2015

ပေါင်ငါးဆယ်လောက် ဝိတ်ကျလိုပါသလား

Hello Doctor, 
I am 25-year old single female. I got 170 lbs. I would like to reduce weight to 120 lbs. I usually walk 30 minutes 5 days a week. I am now taking xytrim 120 mg after every meal two times a day. It has been just two days that I am taking that drug.What I would like to know is that should I take that medicine at this age and is there any side effects while taking that kind of pills at this age? 


အသက် ၂၅နှစ်အရွယ် မိန်းကလေးတယောက်အနေနဲ့ ပေါင် ၁၇၀ဆိုတာ များပါတယ်။ ကီလိုနဲ့တွက်ကြည့်ရင် ၇၇ ကီလိုလောက်ရှိတယ်။ ဒီအသက်အရွယ်မှာ ဒီလောက်ဝနေရင် နောက်ပိုင်းမှာ ကျန်းမာရေးဆိုးကျိုးတွေ ရှိလာနိုင်ချေ ပိုများတယ်။ ဒီတော့ အခုကတည်းက ဝိတ်ချသင့်တယ်။ ဝိတ်ချနည်းအမျိုးမျိုး ရှိမယ်။ အစားအသောက်ရှောင်တာ၊ဆေးသောက်တာနဲ့ လေ့ကျင့်ခန်းလုပ်တာ။ အစားအသောက်ရှောင်ခြင်းအားဖြင့် ဝိတ်ထပ်တက်မလာအောင် ကာကွယ်ပေးတယ်။ အဝလွန်သူဖြစ်ရင် ဆေးရဲ့ အကူအညီယူဖို့ လိုအပ်ပါတယ်။ဘယ်လိုဆေးတွေသောက်သင့်လဲ ဆိုတဲ့နေရာမှာ ဆေးရဲ့သဘောတရားကို သိနေမှ အဆင်ပြေနိုင်တယ်။ မေးထားသူက ဘယ်လိုအစားအသောက်မျိုးကို အစားများပြီး ဝိတ်တက်လာတာလဲ။ ဥပမာ အဆီ၊အသားအစားများတယ် ဆိုပါစို့။ အဲလိုအခါမျိုးမှာ zytrim လိုဆေးမျိုးသောက်တာမှန်တယ်။ ဘာ့ကြောင့်လဲဆိုတော့ zytrimထဲမှာ ပါတဲ့ orlistat ဆေးက စားလိုက်တဲ့ အဆီရဲ့ ၃၀ရာခိုင်နှုန်းကို အူလမ်းကြောင်းက မစုပ်ယူနိုင်အောင်တားမြစ်ပေးလို့ ဖြစ်ပါတယ်။ အဆီချေဖျက်ဖို့ lipaseဆိုတဲ့ဓာတ်တမျိုးလိုအပ်ပါတယ်။ zytrimက အဲဒီခြေဖျက်ပေးတဲ့ lipase အင်ဇိုင်းကို သွားတားဆီးတယ်။ အူလမ်းကြောင်းသဘောက အဆီကို မခြေဖျက်နိုင်ရင် မစုပ်ယူနိုင်ပါဘူး။ ဒါ့ကြောင့် အဆီပိုတွေဟာ ဝမ်းနဲ့အတူ ပါသွားတယ်။ ဒါ့ကြောင့်ဆေးသောက်သူတွေဟာ ဒီဆေးသောက်ရင် အဆီဝမ်းတွေသွားတယ်လို့ပြောကြတာပါ။  

မေးထားတာကို တဆက်တည်းဖြေရရင် အသက်အရွယ်အရွေး ဆေးသောက်လို့ရတယ်။ ပြဿနာကြီးကြီးမားမား မရှိပါ။ ဒါမှမဟုတ် ကစီဓာတ်အစားများလို့ ဝိတ်တက်တာဆိုရင် lobeseလို ဆေးမျိုးပြောင်းသောက်သင့်တယ်။ ဒါပေမယ့် ဆေးတွေက ဝိတ်ကျစေဖို့မဟုတ်ဘဲ ဝိတ်ဆက်တက်မလာအောင် တားဆီးပေးတဲ့သဘော သတိချပ်စေချင်တယ်။ အဲတော့ ဟုတ်ပြီ။ ဆေးအကူနဲ့ ဝိတ်တက်မလာဘူးဆိုရင် ဝိတ်ကျအောင် ကိုယ်က ဆက်ကြိုးစားရမယ်။ ဒီအတွက် လေ့ကျင့်ခန်းလုပ်နည်းက စိတ်အချရဆုံးနဲ့ ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်ပါတယ်။ 

ထပ်ပြီး ဘယ်လိုလေ့ကျင့်ခန်း လုပ်မှာလဲမေးစရာ ရှိလာပြန်တယ်။ ပုံမှန်ထက်ဝနေသူတွေအဖို့ ရိုးရိုးလေ့ကျင့်ခန်းမျိုး(ဥပမာ လမ်းလျှောက်၊ပြေးတာ၊စက်ဘီးစီး)ရုံနဲ့ အဆင်ပြေပေမယ့် အဝလွန်သူတွေအတွက်တော့ သိပ်မထူးခြားလှပါ။ တရက်ကို နာရီဝက်လမ်းလျှောက်တာ မဆိုးပေမယ့် မေးထားသူ မျှော်မှန်းသလောက် ဝိတ်ကျဖို့တော့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လေ့လာမှုတွေအရ လမ်းတစ်နာရီလျှောက်တာတောင် ကုန်ဆုံးသွားတဲ့ ကယ်လိုရီက ၇၀-၈၀ ကယ်လိုရီသာ ရှိလို့ပါပဲ။ အခု နာရီဝက်လမ်းလျှောက်တာဖြစ်လို့ ကယ်လိုရီ ၄၀လောက်သာ ကုန်ဆုံးစေလိမ့်မယ်။ တပတ်ကို ၅ရက်နဲ့တွက်ရင် ကယ်လိုရီ၂၀၀သာ ကုန်ဆုံးဦးမယ်။ ကယ်လိုရီ ၃၅၀၀ ကုန်ဆုံးမှ အဆီတပေါင်ပဲကျမှဖြစ်လို့ တလမှာ ၈၀၀ ဖြစ်ပြီး ၄လလောက်နေမှ တပေါင်သာကျဦးမှာပါ။ ဒီနေရာမှာ အစားလျှော့စားဖို့ အကြံပြုလိုပါတယ်။ မိမိရဲ့ အလေးချိန်ပေါင်ကို ၂၀နဲ့မြှောက်ရင် နေ့စဉ်လိုအပ်တဲ့ကယ်လိုရီရလိမ့်မယ်။ ပေါင်၁၇၀ဖြစ်လို့ နေ့စဉ်ကယ်လိုရီ ၃၄၀၀လိုအပ်တဲ့သဘောပါ။ ဝိတ်ကျချင်ရင် မိမိနေ့စဉ်လိုအပ်တာထက် ကယ်လိုရီ ၅၀၀လျှော့စားပါ။ တပတ်နေရင် တပေါင်ကျမယ်။ တလနေရင် လေးပေါင်သာကျမယ်။ ဒါပေမယ့် လေ့လာမှုတွေအရ အစားကို ဒီထက်ရှောင်ရင်လည်း ကျန်းမာရေးအတွက် မကောင်းနိုင်ပြန်ဘူး။ ဒီအတွက် ဝိတ်ကျအောင် အထူး လေ့ကျင့်ခန်းမျိုး ဆက်လုပ်ရမယ်။ ဥပမာ ကတာ၊တင်းနစ်၊ကြက်တောင်ကစားတာ၊ ရေကူးတာမျိုး နေ့စဉ်လုပ်ဖို့လိုအပ်တယ်။ ကြားထဲမှာ အားသလောက် အိပ်ထ၊ခါးလှည့်လေ့ကျင့်ခန်း လုပ်သင့်သေးတယ်။ ထပ်လိုအပ်ရင် အဆီချေဖျက်တာမျိုးလည်း လိုပါတယ်။ 

မေးထားသလို ပေါင် ၅၀ လောက်ရောက်ဖို့ နေ့စဉ်ပုံမှန် ကြိုးစားလေ့ကျင့်ပါမှ အဆင်ပြေပါတယ်။ မိမိကိုယ်ကိုယ်ညှာဖို့ မစဉ်းစားပါနဲ့။ ကြိုးစားမှုကို အချည်းအနှီးမဖြစ်စေဘဲ ရေရှည်တည်မြဲအောင် စနစ်တကျလုပ်ပါမှ မိမိလိုချင်တဲ့ပန်းတိုင်ကိုရောက်မှာ ဖြစ်ပါတယ်။ အလားတူ အလွန်အကျွံလည်း အလုပ်မပေးသင့်ဘူး။ ဘယ်နှစ်လအတွင်း ဘယ်လောက်ထိကျရစေမယ် (တလအတွင်း ၁၀ပေါင်)ဆိုတာ ကျန်းမာရေး အတွက်မကောင်းသလို လက်တွေ့လည်း မကျပါ။နေက်ဆုံး ဝိတ်ကျရင်တောင် ခဏနေရင် ဝိတ်ပြန်တက်လာမှာပါ။ လိုချင်တဲ့ ဝိတ်ရောက်ဖို့ အနည်းဆုံး ၆လ-တစ်နှစ်ထိ အချိန်ပေးရနိုင်တယ်။ကောင်းတာက အသားနေရာမှာ အသီးအရွက်ပြောင်းစားပါ။ ညနေ ၆နာရီကျော်ရင် ဘာမှမစားပါနဲ့။ ရေများများသောက်ပါ။ ကြိုးစားရင် ဘာမဆိုဖြစ်ပါတယ်။ တခြားလေ့ကျင့်ခန်းတခုခုပြောင်းပြီး သေခြာလေ့ကျင့်ဖို့ အကြံပြုအပ်ပါတယ်။ အလယ်အလတ်လမ်းစဉ်နဲ့ ကြိုးစားရင် မိမိလိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

(မေးထားတဲ့ဆေးဝါးတွေ ရေးထားပြီးဖြစ်ပါတယ်။ ပိန်နည်းတွေ၊ပိန်ဆေးတွေအကြောင်း drayeminhtoo.blogspot.com နဲ့ medicineworldmyanmar.blogspot.com မှာ ဝင်ဖတ်ဖို့ အကြံပြုပါတယ်)

ဒေါက်တာ အေးမင်းထူး
၁၆.၉.၁၄


Hello Doctor,
You showed me a way. I will do my best. Thank you so much.


No comments:

Post a Comment